အရေးပေါ်ကာလအတွင်း တိုက်ခိုက်ရေးအဖွဲ့တွေ လိုက်နာရမယ့် စည်းကမ်းတွေကို NUG ကြေညာ

2021.09.07
အရေးပေါ်ကာလအတွင်း တိုက်ခိုက်ရေးအဖွဲ့တွေ လိုက်နာရမယ့် စည်းကမ်းတွေကို NUG ကြေညာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်
ဓာတ်ပုံ - ကာကွယ်ရေးဝန်ကြီးဌာန (NUG)

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက၊ စက်တင်ဘာလ ၇ ရက် ဒီကနေ့ကစပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အပါအဝင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များတွေနဲ့ အထူးတပ်ဖွဲ့တွေ အတွက် စစ်မြေပြင်မှာ လိုက်နာရမယ့် စည်းမျဉ်း၊ စည်းကမ်းတွေကို ကြေညာလိုက်ပါတယ်။

အဲဒီကြေညာချက်အထဲမှာ အထက်အမိန့်ကိုနာခံဖို့၊ မိမိတပ်ဖွဲ့အပေါ် သစ္စာရှိဖို့၊ မိမိလက်နက်ကို မိမိအသက် ကဲ့သို့ တန်ဖိုးထားဖို့၊ အရေးပေါ် လိုအပ်ချက်အရ အရပ်သားပြည်သူပိုင်ပစ္စည်းတွေကို အသုံးပြုရပါက တန်ရာ တန်ကြေးပေးဖို့၊ သုံ့ပန်းတွေကို ညှဉ်းပန်းတာ သတ်ဖြတ်တာမလုပ်ဖို့နဲ့ သင့်လျော်တဲ့နေရာမှာ ထိန်းသိမ်းထား ဖို့၊ မိမိရဲမေတွေအပေါ်မှာဖြစ်စေ အရပ်သား အမျိုးသမီးတွေ အပေါ်မှာဖြစ်စေ လိင်ပိုင်းဆိုင်ရာ ထိပါး နှောက်ယှက်တာမလုပ်ဖို့နဲ့ ရန်သူ့ထံက သိမ်းဆည်းရမိမယ့် ငွေ၊ လက်နက်၊ ပစ္စည်းတွေကို သက်ဆိုင်ရာ တပ်မှူးထံ စာရင်းနဲ့တကွ အပ်နှံဖို့ စတာတွေပါဝင်ပါတယ်။

ပြည်သူ့တော်လှန်ရေးစစ်သည်တွေအားလုံး ဒီစည်းမျဉ်း စည်းကမ်းတွေကို အစဉ်လိုက်နာစေရေးအတွက် သက်ဆိုင်ရာ တပ်မှူးတွေက နှိုးဆော်ကြပ်မတ်ဖို့လည်း ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ကြေညာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အာဏာသိမ်းစစ်ကောင်စီကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တိုက်ခိုက်ဖို့ စက်တင်ဘာ ၇ ရက်နေ့ ဒီကနေ့စတင်ပြီး နိုင်ငံတော်ကို အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။