NUG ထိန်းချုပ်နယ်မြေအတွင်း နယ်မြေဖြတ်သန်းသွားလာခွင့် ကြေညာချက်ထုတ်

ဇင်မာဝင်း(ဝါရှင်တန်ဒီစီ)
2023.03.18
NUG ထိန်းချုပ်နယ်မြေအတွင်း နယ်မြေဖြတ်သန်းသွားလာခွင့် ကြေညာချက်ထုတ် အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ ခုခံကာကွယ်ရေးတပ်သားများ
Photo: NUG

အမျိုးသားညီညွတ်ရေးအစိုးရ NUG ထိန်းချုပ်နယ်မြေတွေအတွင်း ပြည်တွင်းအစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေအနေနဲ့ ဖြတ်သန်းသွားလာတာ၊ စစ်တမ်းကောက်ယူတာ၊ စီမံကိန်းလုပ်တာတွေအတွက် သက်ဆိုင်ရာဝန်ကြီးဌာနတွေကို ကြိုတင်အသိပေး အကြောင်းကြားဖို့ NUG ရဲ့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက မတ်လ ၁၇ ရက်နေ့မှာ ‌ကြေညာချက်ထုတ်လိုက်ပါတယ်။

အမှန်တကယ် အကူအညီလိုအပ်နေတဲ့ ပြည်သူတွေဆီ လူသားချင်းစာနာမှု အကူအညီတွေ ထိထိရောက်ရောက်ပံ့ပိုးနိုင်ဖို့၊ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ဖို့ နဲ့ တော်လှန်ရေးကာလဖြစ်တဲ့အတွက် လုံခြုံရေးဝန်ဆောင်မှုပေးနိုင်ဖို့အတွက်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ပြည်သူတွေ အသက်အိုးအိမ်ပျက်စီး ဆုံးရှုံးထားရပြီး လူသားချင်းစာနာမှုအကူအညီ များစွာလိုအပ်နေတယ်လို့လည်း ဆိုပါတယ်။

အကူအညီလိုအပ်နေတဲ့ မြန်မာပြည်သူတွေကို NUG အစိုးရနဲ့အတူ ပူးပေါင်းပြီး လူသားချင်းစာနာ ထောက်ထားတဲ့အကူအညီတွေ ပေးဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေကို တိုက်တွန်းထားပါတယ်။

ကြေညာချက်မှာ NUG ထိန်းချုပ်နယ်မြေတွေလို့ဆိုပေမယ့် ဘယ်ဒေသတွေလဲဆိုတာကိုတော့ အတိအကျ ဖော်ပြမထားပါဘူး။ NUG ယာယီသမ္မတ ဒူဝါလရှီးလက နိုင်ငံတစ်ဝန်း မြို့ပေါင်း ၃၃ဝ ထဲမှာ ၂၅ဝ ကျော်ကို တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားနိုင်ပြီလို့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ပြောထားပါတယ်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှုးရုံး UNOCHA ရဲ့ မတ်လ ၄ရက်နေ့အထိ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းပြီးနောက် နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၁.၃ သန်းကျော် ရှိနေပြီဖြစ်ပါတယ်။

၂ဝ၂၃ ခုနှစ်အတွင်း ပဋိပက္ခဒေသတွေက လူဦးရေ လေးသန်းခွဲအတွက် အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့လည်း UNOCHA က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။