စစ်သားစုဆောင်းမှုကြောင့် ထိခိုက်နေသူတွေကို ဝန်ဆောင်မှု ပေးနေတယ်လို့ NUG ကြေညာ
2024.03.30

စစ်ကောင်စီရဲ့ အဓမ္မ စစ်သားစုဆောင်းမှုကြောင့် ထိခိုက်နေတဲ့ပြည်သူတွေကို အကူအညီပေးဖို့ ပြည်သူ့ရေးရာ ဝန်ဆောင်မှုအနေနဲ့ စတင်လုပ်ဆောင်နေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က မတ်လ ၃၀ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ပြောပါတယ်။
ပြည်သူ့ရေးရာဝန်ဆောင်မှုအနေနဲ့ တယ်လီဂရမ်ချန်နယ်တစ်ခု ဒီနေ့ စတင်ဖွင့်လိုက်တာဖြစ်ပြီး အဲဒီချန်နယ်ကနေ ဆက်သွယ်မေးမြန်း အကြံဉာဏ် တောင်းခံနိုင်တယ်လို့ ဆိုပါတယ်။
လွတ်မြောက်နယ်မြေတွေကို တိမ်းရှောင်လိုသူတွေကို တိုင်းရင်းသားအဖွဲ့တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးသွားဖို့ရှိတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။
တယ်လီဂရမ်ချန်နယ်ဖွင့်လှစ်ပြီးနောက် ခြောက်နာရီအတွင်း အယောက်နှစ်ထောင် ချိတ်ဆက်လာပြီလို့ သူကပြောပါတယ်။ နေ့စဉ် မနက် ဆယ်နာရီကနေ ည ဆယ်နာရီအထိ NUG ရဲ့ ပြည်သူ့ရေးရာ တယ်လီဂရမ်ချန်နယ်ကနေ ဝန်ဆောင်မှုပေးသွားမယ်လို့ ဆိုပါတယ်။
ဆက်သွယ်လာသူတွေကို အကြံဉာဏ်ပေးတာ၊ NUG ရဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးတာတွေ လုပ်သွားမယ်လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။
စစ်ကောင်စီက အခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ အတည်ပြုပြဋ္ဌာန်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ ဧပြီလကစပြီး တစ်သုတ်ကို လူငါးထောင်စီ ခေါ်သွားမယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။ ဒီဥပဒေအရ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရချိန်မှာ ပျက်ကွက်ရင် ထောင်ဒဏ် ငါးနှစ်အထိ ပြစ်ဒဏ်ချမှတ်ခံရနိုင်ပါတယ်။