ဒီကနေ့စပြီး တစ်နိုင်ငံလုံး စစ်ကောင်စီကို ခုခံတိုက်ခိုက်ကြဖို့ NUG တရားဝင် ကြေညာ

စက်တင်ဘာလ ၇ ရက် ဒီနေ့ကစပြီး အာဏာသိမ်းစစ်ကောင်စီကို စစ်ရေးနည်းအရ ပြန်လည်ခုခံ တိုက်ခိုက် သွားမယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG က ဒီကနေ့ ကြေညာလိုက်ပါတယ်။
ဒေသအလိုက်ဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ စစ်ကောင်စီနဲ့ ၎င်းတို့ရဲ့ ထောက်တိုင်အဖွဲ့တွေကို ဒီနေ့ကစပြီး ပစ်မှတ်ထားတိုက်ခိုက်သွားကြဖို့ NUG အစိုးရအဖွဲ့ ယာယီသမ္မတ ဦးဒါရှီလဆိုင်းက ဒီနေ့အရေးပေါ် မိန့်ခွန်းတစ်ရပ် ပြောဆို တိုက်တွန်းလိုက်တာပါ။
ရေရှည်ငြိမ်းချမ်းတဲ့ နိုင်ငံတည်ဆောက်ရေး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ရည်ရွယ်ပြီး ဒီလိုစစ်ရေးနည်းနဲ့ တိုက်ခိုက်ဖို့ ဆုံးဖြတ်ရတာ ဖြစ်တယ်လို့ဆိုပါတယ်။
လက်ရှိ နိုင်ငံရဲ့အခြေအနေမှာ စစ်ရေးနည်းနဲ့ ပြန်ဖြေရှင်းရမယ့် အခြေအနေဖြစ်တာကြောင့် ဒီဆုံးဖြတ်ချက်ကို နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း နားလည်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ဦးဒါရှီလဆိုင်းက ပြောခဲ့ပါတယ်။
အခုလိုတိုက်ခိုက်ရာမှာ PDF တွေအနေနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို စောင့်ရှောက်ဖို့နဲ့ လုံခြုံရေးတာဝန်ယူဖို့၊ PDF က ထုတ်ပြန်ထားတဲ့ စစ်စည်းမျဉ်း၊ စည်းကမ်းတွေကို လိုက်နာဖို့လည်း တိုက်တွန်း ထားပါတယ်။
ပြည်သူတွေအနေနဲ့ ဒီနေ့ စက်တင်ဘာလ ၇ ရက်နေ့ကစပြီး မလိုအပ်ပဲ ခရီးမသွားဖို့၊ လိုအပ်မယ့် ရိက္ခာ၊ ဆေးဝါးတွေ စုဆောင်းထားကြဖို့၊ စစ်ကောင်စီတပ်ရဲ့ လှုပ်ရှားမှုတွေကို PDF နဲ့မဟာမိတ်အဖွဲ့တွေဆီ သတင်းပေးပို့ ကူညီကြဖို့ သမ္မတ ဦးဒါရှီလဆိုင်းက ပြောခဲ့ပါတယ်။
NUG က ဦးစီးဖွဲ့စည်းထားတဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့အတူ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ အားလုံးကလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီကို ဒီနေ့ကစပြီး ချက်ချင်း တိုက်ခိုက်သွားကြဖို့ NUG က ဒီနေ့တိုက်တွန်းလိုက်ပါတယ်။