ဖျာပုံ ဟောပြောပွဲ ခွင့်ပြုချက်မရ
2015.05.23
ထောက်ခံချက်တွေလိုတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဧရာဝတီတိုင်း ဖျာပုံမြို့မှာ ဒီနေ့ ကျင်းပဖို့ စီစဉ်ထား တဲ့ မေတ္တာတရားနဲ့ နိုင်ငံတော် ဆွေးနွေးပွဲကို မြို့နယ်အုပ်ချုပ်ရုံးက ခွင့်မပြုဘူးလို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။
ဘာသာမတူ-လူမျိုးကွဲတွေ အတူယှဉ်တွဲနေထိုင်တဲ့အခါ မေတ္တာတရားရှေ့ထားပြီး ငြိမ်းချမ်းစွာ အတူယှဉ် တွဲ နေထိုင်စေဖို့ ရည်ရွယ်ချက်နဲ့ ဆွေးနွေးပွဲကျင်းပဖို့ စီစဉ်ထားတာ ခွင့်ပြုချက်မရဘူးလို့ ပါဝင်ဆွေးနွေး မယ့် ပေါက်စေတီဆရာတော် အရှင်ဉာဏ်ဏိကက မိန့်ပါတယ်။
"ဖုန်းနဲ့အကြောင်းကြားတာက ခွင့်မပြုလို့တဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးက အကုန်လုံးက သက်ဆိုင်ရာကို ခွင့်တောင်းတာ လုံးဝခွင့်မပြုဘူးဘုရားတဲ့၊ အဲ့ဒါ ဘုန်းကြီးမနက်ဖြန်ကျလို့ရှိရင် မကြွပါနဲ့တော့လို့ အဲ့လိုဖုန်းနဲ့ပြောတယ်"
ရန်ကုန်မြို့က ဆရာတော်တွေနဲ့ စာရေးဆရာတွေက ဖျာပုံမြို့ အမှတ် (၃) ရပ်ကွက်၊ ဆရာဇော်ဂျီစာကြည့်တိုက် တိုးချဲ့ဆောင်မှာ ဒီနေ့ မွန်းတည့်ကနေ ညနေ ၅ နာရီထိ ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။
ဒါပေမဲ့ ဟောပြောမယ့်သူ အမည်စာရင်း၊ ဟောပြောမယ့်သူတွေရဲ့ ကိုယ်ရေး အချက်အလက်၊ ဟောပြောမယ့် အကြောင်းအရာ၊ စာရေးဆရာအသင်းရဲ့ထောက်ခံချက်၊ မြို့နယ်သံဃာ့နာယက ထောက်ခံချက်၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့ရဲ့ ထောက်ခံချက်၊ ဆရာဇော်ဂျီစာကြည့်တိုက် ခွင့်ပြုချက်၊ ရဲစခန်းထောက်ခံချက်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး ထောက်ခံချက်တွေလိုအပ်ပြီး အချက်အလက်တွေ အပြည့်အစုံမတင်ပြနိင်တဲ့အတွက် ဆွေးနွေးပွဲကို ခွင့်မပြုနိုင်တဲ့အကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးက မေလ ၂၂ ရက်က ပွဲစီစဉ်သူတွေဆီ အကြောင်းပြန်ခဲ့ပါတယ်။
မေတ္တာတရားနဲ့ နိုင်ငံတော် ဆွေးနွေးပွဲမှာ ပေါက်စေတီဆရာတော် အရှင်ဉာဏ်ဏိက၊ ရဟန်းစာဆို သာအေးည၊ မစိုးရိမ်တိုက်ဟောင်း အရှင်နာဂိန္ဒစတဲ့ ဆရာတော်တွေနဲ့ စမ်းစမ်းနွဲ့ (သာယာဝတီ)၊ မာန် (တောင်လုံးပြန်) အရိုးနဲ့ အနော်မာစတဲ့ စာရေးဆရာတွေက ပါဝင်ဆွေးနွေးဖို့ စီစဉ်ထားတာပါ။