သမိုင်းကို နားမလည်ဘဲ သတင်းမရေးဖို့ ဝ အမျိုးသား ပါတီပြော
2015.06.28

သတင်းမီဒီယာတွေအနေနဲ့ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေနဲ့ ပတ်သက်ပြီး ရေးသားရာမှာ သမိုင်းကြောင်းကို နားမလည်ဘဲ ရေးသားကြတဲ့အတွက် နစ်နာမှုရှိကြောင်း ဝ အမျိုးသားစည်းလုံး ညီညွတ်ရေးပါတီက ပြောပါတယ်။
လားရှိုးမြို့"ဝ"အမျိုးသား စည်းလုံးညီညွှတ်ရေးပါတီ ဗဟိုဌာနချုပ်ရုံးမှာ စနေနေ့က ဒေသခံမီဒီယာတွေနဲ့ တွေ့ဆုံစဉ် ပါတီဒုတိယဥက္ကဌ ဦးဆန်ဆောင်းကားက ပြောကြားလိုက်တာဖြစ်ပါတယ်။
"တချို့မီဒီယာတွေက ဘယ်လိုရေးလဲဆိုတော့ "ဝ"တွေမနေ့တစ်နေ့ကမှ မြန်မာပြည်ကနေ ပေါ်လာတယ် ပြီးတော့မှ သူတို့က လက်နက်အင်အားကောင်းလို့ သူတို့အဲ့ဒါ အခွင့်ကောင်းယူပြီးတော့မှ သူတို့ပြည် နယ်တောင်းတယ်၊ ကိုယ်ပိုင်အုပ်ချုပ်ရေး တိုင်းအဆင့်ပေးတာတောင်မှ သူတို့မကျေနပ်ဘဲနဲ့ ကိုယ်ပိုင် အုပ်ချုပ်ရေး ပြည်နယ်အဆင့်အထိတောင်မှ သူတို့တိုးပြီးတောင်းလာခြင်းဟာ မလွန်လွန်းဘူးလား ဆိုပြီးတော့မှ တချို့တွေက ထင်ကြေးတွေပေးကြတာ၊ ကျနော်တို့ လူမျိုးနဲ့ပတ်သက်ပြီးတော့မှ ရေးတဲ့အခါမှာ ကျနော်တို့ရဲ့ သမိုင်းကြောင်းကိုလည်း အပြည့်အဝလေ့လာစေချင်ပါတယ်၊ ကျနော်တို့က မွန်ခမာအနွယ်ကနေ မြန်မာပြည်ကို အဦးဆုံးရောက်လာတယ်၊ မွန်ခမာအနွယ် ကျနော်တို့ အစဉ်အလာကြီးမားတဲ့ လူမျိုးစုတစ်စုဖြစ်တယ်ဆိုတာ မီဒီယာကို ကျနော်အသိပေး ပြောကြားချင်ပါတယ်ခင်ဗျ"
လက်ရှိမှာ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းမှာ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်း၊ နားဖန်း၊ မက်မန်း၊ ပန်ဆန်း စတဲ့ ခြောက်မြို့နယ်ကို ခရိုင်နှစ်ခုဖွဲ့ပြီး "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် ၂ဝဝ၈ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ထည့်သွင်းသတ်မှတ်ပေးထားပါတယ်။
ကျိုင်းတုံမြို့ အပါအဝင် သံလွင်အရှေ့ခြမ်းဒေသတွေကိုပါ စုပေါင်းပြီး "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်အဖြစ် ပြန် လည်သတ်မှတ် ပေးဖို့တောင်းဆိုနေကြတာ ဖြစ်ပါတယ်။