နော်ဝေဘုရင်နဲ့ မိဖုရား မန္တလေး ဂေါဝိန်ဆိပ်ကို ရောက်ရှိ


2014.12.05
norway-king-mandalay-305 နော်ဝေဘုရင် ဟာရယ်နဲ့ မိဖုရား ဆွန်ယာတို့ဟာ မန္တလေးမြို့ ဂေါဝိန် ဆိပ်ကမ်းကို ရေကြောင်းလမ်းနဲ့ ဒီဇင်ဘာလ ၅ ရက်နေ့က ရောက်ရှိလာစဉ်
Photo:Hset Paing Toe/RFA

သမ္မတဦးသိန်းစိန်ရဲ့ဖိတ်ကြားချက်နဲ့ မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးရောက်ရှိနေတဲ့ နော်ဝေဘုရင် ဟာရယ် နဲ့ မိဖုရား ဆွန်ယာတို့ဟာ မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းကို ရေကြောင်းလမ်းနဲ့ ဒီကနေ့ ရောက်ရှိလာပါတယ်။

နော်ဝေဘုရင် မန္တလေးရောက်စဉ် သတင်းမီဒီယာတချို့ကိုသာ အကန့်အသတ်နဲ့ ခွင့်ပြုတဲ့အတွက် မန္တလေး အခြေစိုက် သတင်းသမားတွေက ကန့်ကွက်ကြကြောင်း အီးပီအေသတင်းဌာနက ကိုပြည့်စုံအောင်က ပြောပါတယ်။

"ဒီပွဲကို သတင်းယူဖို့အတွက်ကို ကျနော်တို့ မီဒီယာသမားတွေအားလုံးကို သူတို့ပြန်ဆက်ဆိုလို့လည်း ပြန်ဆက်ကိုသွားခဲ့တယ်၊ လုံခြုံရေးဆိုလည်း လုံခြုံရေးဆီကိုသွားခဲ့တယ်၊ စရဖ ဆိုလည်း စရဖ ကိုသွားခဲ့တယ်၊ မနက်က ကျနော်ကိုယ်တိုင် SB ရုံးကိုသွားခဲ့တယ်၊ SB ရုံးမှာစာရင်းပေးခဲ့တယ်၊ မနက် ၈ နာရီကို ကဒ်ပေးမယ်လို့ပြောတယ်၊ ဘာကဒ်မှမရခဲ့ဘူး၊ ကျနော်တို့ ဒီနေ့မနက်ကြားတယ်၊ မီဒီယာ ၆ ခုကို တာဝန်ပေးထားတယ်၊ မီဒီယာ ၆ ခုမှာဘာဖြစ်နေလဲဆိုတော့ Sky Net ဆိုတဲ့ ပုဂ္ဂလိက မီဒီယာပါနေတယ်၊ ကျနော်တို့မှာ သတင်းယူခွင့်မရှိဘူးလား၊ သတင်းကိုဘာကြောင့် ပိတ်ပင်တာလည်း နော်ဝေနိုင်ငံဆိုတာက သတင်းလွတ်လပ်ခွင့်ကို အရမ်းမြတ်နိုးတဲ့နိုင်ငံ ဘာကြောင့်မို့ ဒီလာတာကို မြန်မာပြည် မန္တလေးတိုင်းက ပိတ်ထားတာလဲ"

နော်ဝေဘုရင်ခရီးစဉ်မတိုင်ခင် ဂေါဝိန်ဆိပ်ကမ်းမှာ ကုန်တင်ကုန်ချလုပ်သူတွေရဲ့ နေအိမ် ၃၀၀ကျော်ကို မန္တလေးတိုင်းဒေသကြီးအစိုးရက ဖယ်ရှားခဲ့ပါတယ်။ အဲဒီအတွက် ဝမ်းနည်းမိကြောင်း နော်ဝေအစိုးရ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ထွန်းကတော့ အဓမ္မ ဖယ်ရှားတယ်ဆိုတာ မဟုတ်မှတ်ကြောင်း RFA ကို ပြောပါတယ်။

"နော်ဝေဘုရင်ရဲ့ ခရီးစဉ်ကြောင့်ဆိုတာထက် မန္တလေးကို နော်ဝေဘုရင်ကြီး ဆိုက်ကပ်မယ်ဆိုတော့ ကျနော်တို့ လျော်ညီအောင်ပေါ့၊ သင့်တင့်လျောက်ပက်အောင် လုပ်တဲ့အနေအထားပါ၊ ဖျက်တာမဟုတ်ပါဘူး၊ ဖယ်တာလည်း မဟုတ်ပါဘူး၊ ဒီကမ်းနားမှာရှိတဲ့အဖွဲ့တွေကို အများကြီးပေါ့၊ ကမ်းနားမှာတော့ အများကြီးရှိပါတယ်၊ ကမ်းနားမှာပဲ အလုပ်လုပ်နေတဲ့အဖွဲ့ကို Mobile Workers ခေါ်တာပေါ့၊ ကျနော်တို့ကတော့ ကျနော်တို့ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ကိုလုပ်တာပါ၊ ကျနော်တို့ကတော့ ဘာမှပြောစရာမရှိပါဘူး၊ ဘာလို့လဲဆိုတော့ မန္တလေးမြို့ရဲ့ ဂုဏ်သိက္ခာ၊ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာအတွက် လုပ်တယ်လို့ပဲ ကျနော်ကတော့ အဲ့ဒီလိုပြောချင်ပါတယ်"

နော်ဝေဘုရင် ဟာရယ်နဲ့ မိဖုရား ဆွန်ယာတို့ဟာ မန္တလေးမြို့ အထင်ကရနေရာတွေဖြစ်တဲ့ မန္တလေးတောင်၊ မြနန်းစံကျော်(နန်းတွင်း)၊ ကုသိုလ်တော်ဘုရား စတဲ့နေရာတွေကို သွားရောက်လေ့လာခဲ့ပါတယ်။

နော်ဝေဘုရင်နဲ့ မိဖုရားဟာ နေပြည်တော်မှာ နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ သီးခြားစီတွေ့ဆုံခဲ့ပြီး မြင်းခြံခရိုင်မှာရှိတဲ့ ရန ္တပိုကျေးရွာ က အိုးလုပ်ငန်းရှင် ဦးဘချစ်ရဲ့ အလုပ်ရုံကို သွားရောက်လေ့လာခဲ့ပါတယ်။

ဒီဇင်ဘာလ ၁ ရက်နေ့မှာ စတင်ရောက်ရှိလာတဲ့ နော်ဝေဘုရင်နဲ့ မိဖုရားဟာ ဒီနေ့ မန္တလေးမြို့မှာ ခရီးစဉ်ကို အဆုံးသတ်ခဲ့ပြီး ညနေပိုင်းမှာ မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ထိုင်းနိုင်ငံကို ထွက်ခွါသွားခဲ့တယ်လို့ သိရပါတယ်။

နော်ဝေဘုရင် ဟာရယ် နဲ့ မိဖုရား ဆွန်ယာတို့ဟာ မန္တလေးမြို့ခရီးစဉ်မှာ သတင်းမီဒီယာသမားတွေ၊ ဒေသခံတွေ ကြုံတွေ့ခဲ့ရတဲ့ ပြဿနာတွေနဲ့ ပတ်သက်လို့ RFA သတင်းထောက် ကိုနေမျိုးထွန်း သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။

နော်ဝေဘုရင်ရဲ့ ခရီးစဉ်ကြောင့် ဧရာဝတီမြစ်ကမ်းဘေး ဂေါဝိန်ဆိပ်အနီးက တဲတွေကို ဖယ်ရှားပေးခဲ့ရတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီရဲ့ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးသက်နိုင်ထွန်းကို မသင်းသီရိ ဆက်သွယ်မေးမြန်း ထားတာကိုလည်း နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။