တရုတ်အထူးကိုယ်စားလှယ်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ ကူမင်းမှာ တွေ့ဆုံ
2019.01.31

မြောက်ပိုင်းမဟာ မိတ်အဖွဲ့တွေနဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းတွေမှာ ကြားဝင် ဆောင်ရွက်ပေးနေတဲ့ တရုတ်အထူးကိုယ်စားလှယ် မစ္စတာ ဆွန်းကော်ရှန်းတို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဒီနေ့ တွေ့ဆုံ ဆွေးနွေးနေကြောင်း ရခိုင့်တပ်မတော် AA ပြောခွင့်ရ ခိုင်သုခက RFA ကို ပြောပါတယ်။
တရုတ်အထူးကိုယ်စားလှယ်နဲ့ ဒီနေ့တွေ့ဆုံပွဲကို ရခိုင့်တပ်မတော် AA၊ တအာင်းပလောင်အဖွဲ့ TNLA၊ ကိုးကန့်အဖွဲ့ MNDAA အဖွဲ့ ၃ ဖွဲ့က ကိုယ်စားလှယ်တွေက သွားရောက်တွေ့ဆုံနေတာဖြစ်ပါတယ်။
AA အဖွဲ့ဘက်က ဗိုလ်မှူးချုပ် ဒေါက်တာညိုထွန်းအောင်နဲ့ ဗိုလ်မှူးကြီး ကျော်ဟန်တို့ တက်ရောက်နေပြီး တရုတ် အထူးကိုယ်စားလှယ်ရဲ့ ဆွေးနွေးမှုအပေါ်မူတည်ပြီး ပြန်လည်ဆွေးနွေးမှာ ဖြစ်တာကြောင့် ဘာတွေဆွေးနွေး ခဲ့တယ်ဆိုတာကို မနက်ဖြန်မှ ပြောလိုရမယ်လို့လည်း ခိုင်သုခက ပြောပါတယ်။
AA၊ TNLA၊ MNDAA အဖွဲ့တွေဟာ တရုတ်အထူးကိုယ်စားလှယ်နဲ့ မတွေ့ဆုံခင်မှာ ဇန်နဝါရီလ ၂၉ ရက်နေ့ကလည်း ကချင်လွှတ်မြောက်ရေးအဖွဲ့ KIO နဲ့ ကချင်ပြည်နယ် မိုင်ဂျာယန်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့သိရပါတယ်။
KIO အဖွဲ့နဲ့ တွေ့ဆုံရာမှာတော့ အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ KIO တို့ တွေ့ဆုံဆွေးနွေးခဲ့တာတွေကို အဓိကထားဆွေးနွေးခဲ့တယ်လို့လည်း ခိုင်သုခက ပြောပါတယ်။
အစိုးရ ၊ တပ်မတော်တို့နဲ့ ငြိမ်းချမ်ရေးဆွေးနွေးရာမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင် အားလုံးနဲ့ အတူတကွ ဆွေးနွေးနိုင်ဖို့ KIO က တောင်းဆိုထားကြောင်း သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင် ပေးပို့လိုက်တာပါ။