မြောက်ပိုင်းအဖွဲ့ ထိန်းချုပ်ထားတဲ့ ကျင်စန်းကျော့ နယ်စပ်ဂိတ်ကနေ သီးနှံတချို့ တင်ပို့ခွင့်ရ
2024.11.22

မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ကျင်စန်းကျော့ တရုတ်-မြန်မာ နယ်စပ်ဂိတ်ကနေ ဘိန်းအစားထိုးသီးနှံဖြစ်တဲ့ အစေ့ထုတ်ပြောင်း၊ ကြံ စတဲ့ ရာသီပေါ်သီးနှံတင်ပို့ခွင့်ကို တရုတ်နိုင်ငံဘက်က နိုဝင်ဘာလ ၂၁ ရက်နေ့ကစပြီး ခွင့်ပြုပေးလိုက်တယ်လို့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှာ ရှိနေတဲ့ ဒေသခံတွေနဲ့ ကုန်သည်တွေက ပြောပါတယ်။
မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ ကျင်စန်းကျော့နယ်စပ်ဂိတ်ဟာ ရှစ်မိုင်ခန့်သာ ကွာဝေးပြီး အဲဒီနေရာနှစ်ခုလုံးကို ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းကတည်းက မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့က သိမ်းပိုက် ထိန်းချုပ်ထားတာပါ။
လတ်တလောမှာတော့ ပြောင်းတစ်မျိုးတည်းကိုပဲ အကန့်အသတ်နဲ့ တင်ပို့ခွင့်ရထားတယ်လို့ မူဆယ်အခြေစိုက် ကုန်သည်တစ်ဦးက RFA ကို ပြောပါတယ်။
“ဂိတ်က အစကတည်းက ပိတ်ထားတာတော့ မဟုတ်ဘူး။ စားသောက်ကုန်တွေပဲ ပေးမဝင်တာ ။ မနေ့ကတော့ ပြောင်းနဲ့ ကြံသီးနှံ ဝင်ခွင့် ပြန်ပေးလိုက်တယ်။ အခုတော့ ပြောင်းပဲ အရင်ဝင်သေးတယ်။ ပြောင်းကား ဆယ်စီးလောက်ပါပဲ။ ဒါလည်း အရင်တုန်းက သူတို့ကုန်သည်တွေနဲ့ ညှိနှိုင်းထားတဲ့ဟာတွေပဲ ခွင့်ပြုသေးတယ်”
တရုတ်ဘက်က ခွင့်ပြုပေမဲ့ လမ်းပန်းဆက်သွယ်ရေးနဲ့ နယ်မြေအခြေအနေတွေအရ ထင်သလောက် အလုပ်မဖြစ်နိုင်ဘူးလို့ ဝါရင့်ပြောင်းကုန်သည်တစ်ဦးက ပြောပါတယ်။
“ပြောရရင် နယ်စပ်မှာ ရှိတဲ့ကုန်သည်တွေလောက်ပဲလွယ်မယ်။ နောက်ပြီး တရုတ်ကုန်သည်တွေနဲ့ ချိတ်ထားတဲ့ သူတွေက ပိုမြန်မှာပေါ့။ တရုတ်အဝင်ဆိုရင်တောင် ကိုယ့်ကားသမားနဲ့ကို ဝင်ရမှာမဟုတ်ဘူး။ ဒရိုင်ဘာ အချိန်းအပြောင်း လုပ်ပြီးမှ ဝင်ရမဲ့ကိစ္စတွေ၊ အရည်အသွေးစစ်ဆေးတာတွေက လာဦးမယ်”
တရုတ်ဘက်က မြန်မာပို့ကုန် ပြောင်းနဲ့ ကြံကိုပဲ လက်ခံတာဖြစ်ပြီး တရုတ်နိုင်ငံဘက်ကတော့ ဘယ်ကုန်ပစ္စည်းကိုမှ မြန်မာဘက်ကို သယ်ယူခွင့်မပြုသေးဘူးလို့ သူက ပြောပါတယ်။
ကျင်းစန်းကျော့ နယ်စပ်ဂိတ်ကို မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က ပူးပေါင်းထိန်းချုပ်တာဖြစ်ပြီး ကိုးကန့်တပ်မတော် (MNDAA) ကတော့ ချင်းရွှေဟော်၊ မုံးကိုး၊ လောက်ကိုင်၊ ကြူကုတ် (ပန်ဆိုင်း) စတဲ့ နယ်စပ်ဂိတ်တွေကို ထိန်းချုပ်ထားပါတယ်။
တရုတ်နိုင်ငံဘက်က မြောက်ပိုင်းညီနောင်သုံးဖွဲ့ကို တိုက်ပွဲတွေ ရပ်တန့်ရေးအတွက် ဖိအားပေးတဲ့အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်တဲ့ နယ်စပ်ဂိတ်တွေကနေ ကုန်ပစ္စည်းသယ်ဆောင်ခွင့်ကို ကန့်သတ်ထားတာပါ။
စစ်ကောင်စီကတော့ တရုတ်-မြန်မာနယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်စပ်ဂိတ်တွေကို တည်ငြိမ်အေးချမ်းမှသာ တရုတ်နိုင်ငံနဲ့ ညှိနှိုင်းပြီး ပြန်ဖွင့်မယ်လို့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ သတင်းစာတွေမှာ နိုဝင်ဘာလ ၂၂ ရက် ဒီနေ့ ဖော်ပြပါတယ်။
တရုတ်နယ်စပ်ဂိတ်တွေကနေ ကုန်ပစ္စည်းတင်သွင်းခွင့် ကန့်သတ်ထားတယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က အောက်တိုဘာလ ၂၃ ရက်နေ့မှာ အီးမေးလ်ကနေတစ်ဆင့် ဆက်သွယ်မေးမြန်းထားပေမဲ့ ဒီနေ့အထိ အကြောင်းပြန်လာတာ မရှိသေးပါဘူး။