ကန်ပိုက်တီ နယ်စပ်လမ်း ဖွင့်ပြီးတစ်ရက်အကြာမှာ စစ်ကောင်စီ ပြန်ပိတ်

RFA Burmese
2024.06.18
ကန်ပိုက်တီ နယ်စပ်လမ်း ဖွင့်ပြီးတစ်ရက်အကြာမှာ စစ်ကောင်စီ ပြန်ပိတ် ကန်ပိုက်တီနယ်စပ်လမ်းတွင် ပိတ်မိနေသည့် ကုန်ကားများအား ၂၀၂၄ ခုနှစ် ဇွန် ၁၃ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

ကချင်ပြည်နယ်က တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်တဲ့ ၀ိုင်းမော်-ကန်ပိုက်တီလမ်းကို ဇွန်လ ၁၇ ရက်နေ့မှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ပြန်ဖွင့်ပေးခဲ့ပေမဲ့ ဇွန်လ ၁၈ ရက် ဒီနေ့မနက်မှာတော့ စစ်ကောင်စီတပ်က ပြန်ပိတ်လိုက်တဲ့အတွက် ကားအစီးရေ လေးရာခန့် ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကန်ပိုက်တီမြို့နဲ့ ဆယ်မိုင်အကွာ ဝေါ့ခရုန်း(Waw Hkyung) ရွာနေရာကနေ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေက ပြန်ပိတ်လိုက်တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“မနေ့ကညနေ ၃ နာရီလောက် လမ်းဖွင့်ပေးတာ။ ဒီနေ့က ဝေါ့ခရုန်းမှာ စစ်ကောင်စီက ပြန်ပိတ်လိုက်ပြီ။ အထက်က ပိတ်ခိုင်းတယ်လို့ ပြောတယ်။ မနေ့ကတော့ ကားသေးတွေပဲ ဆင်းနိုင်သေးတာ ကားကြီးတွေက အကုန်ကျန်နေသေးတယ်။ အကုန်လုံး လေးရာကျော်လောက်တော့ရှိတယ်”

ပိတ်မိနေတဲ့ ကားအများစုက စက်သုံးဆီသယ်ယူပို့ဆောင်တဲ့ကားတွေလို့ သူက ဆိုပါတယ်။

၀ိုင်းမော်-ကန်ပိုက်တီလမ်းပိုင်းက ဆဒုံးဗျူဟာကုန်းနဲ့ စစ်ကောင်စီတပ်စခန်းတွေကို ဇွန်လ ၁၁ ရက်နေ့မှာ KIA က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အဲဒီရက်ကစလို့ ကားလမ်းတွေ စပိတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီ ကချင်ပြည်နယ်ပြောခွင့်ရသူနဲ့ KIA ပြောခွင့်ရသူတွေကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းတွေမှာတော့ ၂၀၂၄ နှစ်ဆန်းပိုင်းကနေ ဧပြီလထိ ကန်ပိုက်တီကုန်သွယ်ရေးစခန်းကနေ ကုန်သွယ်မှုတန်ဖိုး အမေရိကန် ဒေါ်လာ ၅၂ သန်းကျော်ရှိတယ်လို့ ဖော်ပြထားပါတယ်။

တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးမြို့ဖြစ်တဲ့ ကချင်ပြည်နယ် မိုးမောက်မြို့နယ်က လွယ်ဂျယ်မြို့ကိုလည်း ဧပြီ ၉ ရက်နေ့မှာ KIA က တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။