ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မှာ မြောက်ပိုင်း ၃ ဖွဲ့ကိုပါဖို့ ကာချုပ်သဘောတူ


2017.01.20
china-envoy-minaunghlaing-620.jpg တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် H.E. Mr. Sun Guoxiang နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ ဇန်နဝါရီလ ၁ဝ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံကြစဉ်
ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဖေ့စ်ဘွတ်

မြောက်ပိုင်းမဟာမိတ်အဖွဲ့လေးဖွဲ့ထဲက AA ရခိုင်အဖွဲ့၊ TNLA တအာင်းပလောင်အဖွဲ့နဲ့ ကိုးကန့်အဖွဲ့တို့ကို ငြိမ်းချမ်းရေးဖြစ်စဉ်မှာပါဝင်ဖို့ သဘောတူကြောင်းနဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ တွေ့ဆုံဆွေးနွေးဖို့ လိုကြောင်း တပ်မတော်ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်နိုင်ငံအထူးကိုယ်စားလှယ် နဲ့ တွေ့ဆုံရာမှာ ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ဝ ရက်နေ့က နေပြည်တော်မှာ တပ်မတော်ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တရုတ်နိုင်ငံ အထူးကိုယ်စားလှယ်တို့ တွေ့ဆုံရာမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ အစိုးရတို့ တွေ့ဆုံဖို့ ပြောခဲ့တာလို့ TNLA တအာင်းပလောင်အဖွဲ့က အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး တာဘုန်းကျော် က ပြောပါတယ်။

"တွေ့ဆုံဆွေးနွေးမယ်ဆိုရင်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ ကျနော်တို့ ၃ ဖွဲ့ကို အရင်လိုမဟုတ်ဘဲနဲ့ အခု ငြိမ်းချမ်းရေးဖြစ်စဉ်ထဲ ပါဝင်နိုင်ဖို့ သဘောထားရှိပါတယ်၊ အဲဒီလိုတော့ မစ္စတာဆွန်ကော်ရှန်က ကျနော်တို့ကိုပြောပါတယ်။ အထူးကိုယ်စားလှယ်အနေနဲ့တော့ပြောတာက ကျနော်တို့ ၃ဖွဲ့ကို ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ ပါဝင်ဖို့ သဘောတူပါတယ်။ အဲဒါအပြင် အဲလိုပါဝင်နိုင်ဖို့ အတွက်ဆိုရင် မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးတာမျိုးလည်း ဖြစ်သင့်ပါတယ်၊ တွေ့ဆုံစေ ချင်ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်လည်း အဲလိုပဲ ကျနော်တို့ကို တွေ့ဆုံညှိုနှိုင်းတဲ့ ငြိမ်းချမ်းရေးကိုယ် စားလှယ်အဖွဲ့နဲ့ တွေ့စေချင်တယ်"

တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဇန်နဝါရီလ ၁၉ ရက်နေ့ မနေ့က တရုတ်နိုင်ငံအထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော်ရှန် နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့၄ ဖွဲ့တို့ တွေ့ဆုံခဲ့ကြပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်စဖို့အတွက် အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နဲ့ တွေ့ဆုံဖို့ တိုက်တွန်းခဲ့တယ်လို့ ဗိုလ်မှူးကြီး တာဘုန်းကျော် က ပြောပါတယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေကို ငြိမ်ချမ်းရေးဖြစ်စဉ်မှာပါဝင်ဖို့ သဘောတူတယ်လို့ ပြောဆိုထားပေမယ့် ဘယ်လို ကန့်သတ်ချက်တွေရှိတယ်၊ ဘာတွေလုပ်ဖို့လိုတယ်ဆိုတာကိုတော့ တပ်မတော်ကွယ်ရေးဦးစီးချုပ်က မပြောခဲ့ဘူးလို့ သိရပါတယ်။

ဒါ့အပြင် မြောက်ပိုင်းမဟာမိတ်အဖွဲ့က ဆွေးနွေးပွဲမှာ တရုတ်နိုင်ငံနဲ့ ၀ အဖွဲ့က ကိုယ်စားလှယ်တွေ ပါဝင် ဖို့ တောင်းဆိုထားပေမယ့် တပ်မတော်ဘက်က ငြင်းပယ်ခဲ့ကြောင်းနဲ့ အဲဒီအချက်ကို ပြေလည်ဖို့ ထပ်မံဆွေးနွေးရဦးမယ်လို့ ပြောပါတယ်။

တရုတ်နိုင်ငံ အထူးကိုယ်စားလှယ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက နေပြည်တော်မှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အရင် အစိုးရလက်ထက်က ငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ ခေါင်းဆောင်အဖြစ်ပါဝင်ခဲ့သူ ဝန်ကြီးဟောင်း ဦးအောင်မင်း တို့နဲ့ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။

ဗိုလ်မှူးကြီး တာဘုန်းကျော်က မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက တွေ့ဆုံဆွေးနွေးဖို့ အဆင်သင့်ရှိကြောင်းနဲ့ အစိုးရတပ်မတော်ဘက်က တိုင်းရင်းသားဒေတွေမှာ မြေပြင်သာမက ဝေဟင်ကပါ လေယာဉ်တွေနဲ့ တရစပ် တိုက်ခိုက်မှုတွေ လုပ်နေတယ်လို့ ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်အောင်ရဲဝင်း ကို မြောက်ပိုင်းမဟာမိတ် အဖွဲ့တွေကို ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ဖို့ ပြောခဲ့တယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး RFA က ဆက်သွယ် မေးမြန်း ခဲ့ပေမယ့် အစည်းအဝေးရှိတဲ့အတွက် ဖြေကြားနိုင်ခဲ့ခြင်းမရှိပါဘူး။

ငြိမ်းချမ်းရေးကော်မရှင်က အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးလှမောင်ရွှေကတော့ အစိုးရဘက်ကတာဝန်ယူနေ တဲ့ ခေါင်းဆောင်အားလုံးက ငြိမ်းချမ်းရေးတံခါးဖွင့်ထားတယ်၊ ဆွေးနွေးဖို့ရှိနေတယ်ဆိုတဲ့အကြောင်းကို သာ ပြောလို့ရကြောင်းနဲ့ ဘယ်အချိန် ဘယ်လိုပုံစံနဲ့ တွေ့မယ်ဆိုတာကိုတော့ တာဝန်ရှိသူတွေက ဆက် လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။