ရှမ်းမြောက် တရုတ်စီမံကိန်း ဧရိယာမှာ အရပ်သား ခုနစ်ဆယ်ခန့် သေဆုံး

RFA Burmese
2024.12.20
ရှမ်းမြောက် တရုတ်စီမံကိန်း ဧရိယာမှာ အရပ်သား ခုနစ်ဆယ်ခန့် သေဆုံး ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ လေကြောင်း တိုက်ခိုက်ခံရအပြီး ပျက်စီးသွားသည့် အဆောက်အအုံတချို့အား ၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့က တွေ့ရစဉ်။
AFP

တရုတ်ပိုးလမ်းမစီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ မူဆယ်-မန္တလေး မီးရထားလမ်းကြောင်းတစ်လျှောက်က မြို့ရွာတွေကို စစ်ကောင်စီတပ်က ပစ်မှတ်ထား တိုက်ခိုက်တာကြောင့် နှစ်လအတွင်း အရပ်သား ၆၈ ဦး သေဆုံး ပြီး ၁၃၆ ဦး ဒဏ်ရာရခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

လေကြောင်းနဲ့ လက်နက်ကြီး အသုံးပြုတိုက်ခိုက်တာဖြစ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး၊ သီပေါ၊ မိုင်းရယ်၊ သိန္နီ၊ ကွမ်းလုံ၊ နောင်ချို၊ နမ့်ဆန်၊ ကွတ်ခိုင်၊ ကျောက်မဲနဲ့ မန္တလေးတိုင်း မိုးကုတ်မြို့နယ်တို့မှာ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

လူသေဆုံးမှုတွေအပြင် စာသင်ကျောင်း၊ ဆေးရုံ၊ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်း၊ ဈေးဆိုင်နဲ့ စက်ရုံ အလုပ်ရုံတွေလည်း ထိခိုက်ပျက်စီးခဲ့ပြီး စုစုပေါင်း ထိခိုက်ပျက်စီးတဲ့ အဆောက်အအုံ စုစုပေါင်း ၃၄၀ ခန့်ရှိတယ်လို့ ဖော်ပြပါတယ်။

အဲဒီအထဲက မြို့နယ်အများစုဟာ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ရရှိထားတဲ့ မြို့နယ်တွေ ဖြစ်တာကြောင့် လက်ရှိတိုက်ပွဲမဖြစ်တဲ့ နေရာတွေလို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က ပြောပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ နိုဝင်ဘာလ ၆ ရက်နေ့ တရုတ်ဝန်ကြီးချုပ် လီချန်းနဲ့ တွေ့ဆုံချိန် မူဆယ်-မန္တလေး-ကျောက်ဖြူ ရထားလမ်းစီမံကိန်းကို နယ်မြေအခြေအနေအရ စတင်ဖောက်လုပ်လို့ ရတဲ့နေရာတွေမှာ လုပ်ငန်းစတင်မယ်လို့ ပြောဆိုထားပါတယ်။

မန္တလေး-မူဆယ် မီးရထားလမ်းပိုင်းကတော့ အမေရိကန်ဒေါ်လာ ၈ ဒသမ ၉ ဘီလီယံ ကုန်ကျမှာဖြစ်ပြီး တံတား ၁၂၄ စင်း၊ လိုဏ်ခေါင်း ခြောက်ဆယ်နဲ့ ဓာတ်အားပေးစက်ရုံခွဲတွေ ပါဝင်ပြီး လျှပ်စစ်ဓာတ်အားအတွက် ရွှေလီမြစ်၊ နမ္မတူမြစ်၊ မြစ်ငယ်မြစ်နဲ့ သံလွင်မြစ်ပေါ်မှာရှိတဲ့ တာတမံတွေက ထုတ်လုပ်တဲ့ လျှပ်စစ်စွမ်းအင်ကို အသုံးပြုဖို့ ရည်ရွယ်ထားတာလို့ ရထားလမ်းစီမံကိန်းအကြောင်း ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင်အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။