ရိုဟင်ဂျာအရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကို နိုဘယ်ဆုရှင်တွေ ဝေဖန်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာ လူနည်းစုတွေ ကို နိုင်ငံသားအခွင့်အရေး တန်းတူပေးဖို့ ပျက်ကွက်ခဲ့တယ်လို့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်တွေက ဝေဖန် လိုက်ပါတယ်။
အဲဒီ နိုဗယ်လ်ဆုရှင်တွေနဲ့ နိုင်ငံရေးသမားတွေအပါအဝင် လူပုဂ္ဂိုလ် စုစုပေါင်း ၂၃ ဦးက လက်မှုတ်ရေထိုးပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ကြာသပတေးနေ့က ပေးပို့တဲ့ အိပ်ဖွင့်ပေးစာမှာ လတ်တလောကာလအတွင်း ရခိုင်ပြည်နယ် မောင်တောဒေသမှာ အစိုးရလုံခြုံရေးအဖွဲ့တွေရဲ့ ထိုးစစ်ကြောင့် ရိုဟင်ဂျာရာပေါင်းများစွာ သေ ဆုံးပြီး အိမ်တွေမီးရှို့ခံရကာ အမျိုးသမီးတွေလည်း အဓမ္မပြုကျင့်ခံရကြောင်းနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေလည်း အဲဒီဒေသကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ သွားရောက်ပေးခွင့် မရကြောင်း၊ ဒါကြောင့် အဲဒီဒေသ ကို နိုင်ငံတကာကူညီရေးအဖွဲ့တွေ၊ သတင်းမီဒီယာသမားတွေ လွတ်လပ်စွာသွားလာခွင့် ရရှိရေးအတွက် ကုလ သမဂ္ဂအနေနဲ့ မြန်မာအစိုးရကို တိုက်တွန်းစေလိုကြောင်း စသဖြင့် ဖေါ်ပြထားပါတယ်။
လုံခြုံရေးကောင်စီကို ပေးပို့တဲ့စာကို လက်မှတ်ထိုးတဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်တွေထဲမှာ အရှေ့တီမော သမ္မတဟောင်း ဟိုဆေး ရာမို့စ်ဟော့တာ၊ တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စမွန်တူးတူးနဲ့ အသက်အငယ်ဆုံး နိုဘယ်ဆုရှင်ဖြစ်တဲ့ ပါကစ္စတန်က မာလာလာ တို့ပါဝင်ပါတယ်။
အခုလို နိုဗယ်လ်ဆုရှင်တွေနဲ့ နိုင်ငံရေးသမားတွေက လုံခြုံရေးကောင်စီပေးပို့ တောင်းဆိုတဲ့စာကို ကြိုဆိုကြောင်း ရိုဟင်ဂျာ အမေရိကန်အဖွဲ့ Rohingya American Society ရဲ့ အမှုဆောင် ညွန်ကြားရေးမှူး ဦးကျော်စိုးအောင် က ပြောပါတယ်။
"လက်ရှိ မောင်တောဒေသမှာ ဖြစ်ပေါ်နေတဲ့ကိစ္စတွေမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လုပ်သင့်လုပ် ထိုက်တဲ့ဟာတွေ လုပ်နေတာ ကျနော်တို့ မတွေ့ရပါဘူး၊ တချိန်တုန်းက လူ့အခွင့်အရေးဆိုပြီးတော့ ဆုရထားတဲ့ပုဂ္ဂိုလ်တစ်ဦးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လက်တွေ့ပေါ့နော် ကော်မရှင် ဖွဲ့စည်းပြီးတော့ အဲဒီမှာဘယ်လိုဖြစ်တာလဲ၊ အရှိကို အရှိအတိုင်း အမှန်ကို အမှန်အတိုင်း အကောင်အထည်ဖော်ဖို့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လိုအပ်တယ်လို့ ကျနော် သုံးသပ်ပါတယ်"
ဒါ့အပြင် နိုဗယ်လ် ဆုရှင်တွေရဲ့ပေးစာမှာ ရိုဟင်ဂျာအရေးကို ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ အရေးပေါ် အခြေအနေအဖြစ်သတ်မှတ်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကို လာမယ့်ရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို စေလွှတ်ဖို့လည်း တောင်းဆိုထားပါတယ်။