အစိုးရ အမျိုးသားပညာရေး ဥပဒေ မူကြမ်းကို NNER ကွန်ရက်အဖွဲ့ ကန့်ကွက်
2014.03.27

ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့က ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်တဲ့ အမျိုးသားပညာရေး ဥပဒေမူကြမ်း ကို နိုင်ငံလုံးဆိုင်ရာ ပညာရေးကွန်ရက် NNER အဖွဲ့က ကန့်ကွက်ကြောင်း အချက် ၁၃ ချက်ပါတဲ့ ကြေညာချက် တစ်စောင် ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
ပညာရေးဝန်ကြီးဌာနက ရေးဆွဲထားတဲ့ အဲဒီဥပဒေမူကြမ်း ဟာ ဗဟိုချုပ်ကိုင်ထားတဲ့အချက်တွေ ပါဝင်နေတာမို့ အခုလိုကန့်ကွက်တာလို့ NNER အဖွဲ့ဝင် ဒဂုံတက္ကသိုလ် ဆရာ/ဆရာမများအသင်းက ဒေါက်တာ အာကာမိုးသူ က ပြောပါတယ်။
"ဘုန်းတော်ကြီးကျောင်းသင် ပညာရေးကျောင်းနှင့် ဘာသာရေး အဖွဲ့အစည်းသင် ပညာရေးကျောင်းများတွင် အခြေခံပညာဆိုင်ရာ သင်ရိုးညွှန်းတမ်း သင်ရိုးမာတိကာနှင့် ကျောင်းသုံးစာအုပ်များကိုသာ အသုံးပြုသင်ကြားရမယ်လို့ ပြောထားတယ်၊ အဲဒါက သင်ရိုးညွှန်းတမ်းမှာ ဗဟိုချုပ်ကိုင်ထားတဲ့အချက် ရှိတယ်ပေါ့နော်၊ ကျောင်းအသီးသီးမှာ မိမိတည်ရှိရာဒေသများ၌ တက်ရောက်သော ကျောင်းသားများ၏ အဆက်အစပ်ရှိသော အကြောင်းအရာများကို လွတ်လပ်စွာ သင်ကြားခွင့်ရှိရမယ်ဆိုတဲ့ဥစ္စာကို ကျနော်တို့ တင်ပြထားတယ်၊ အဲဒီအချက်အလက်ကို မျက်ကွယ်ပြုထားတယ်ဆိုတာ ပေါ်လွင်လာတယ်၊ သူတို့ပြထားတဲ့ ဟာပဲပြရမယ်၊ ကျန်တဲ့ဟာပြခွင့်မရှိဘူး၊ သင်ရိုးညွှန်းတမ်း လွတ်လပ်ခွင့်မရှိဘူး"
NNER က ထုတ်ပြန်တဲ့အချက် ၁၃ ချက်ထဲမှာတော့ အမျိုးသားပညာရေး ဥပဒေမူကြမ်းမှာ ထည့်သွင်းထားတဲ့ တက္ကသိုလ်ဝင်ခွင့်ကို သင်ယူလိုသူရဲ့ အရည်အချင်းနဲ့ဆန္ဒကို ရွေးချယ်နိုင်ခွင့်ရှိခြင်းဆိုတဲ့အချက်၊ ဘုန်းတော်ကြီးသင်နဲ့ အခြေခံပညာရေးကျောင်းတွေမှာ အစိုးရက ပြဌာန်းထးတဲ့ အခြေခံပညာ သင်ရိုးညွှန်းတမ်းနဲ့ သင်ရိုးမာတိကာတို့ကိုပဲ အသုံးပြုသင်ကြားရမည်ဆိုတဲ့အချက်နဲ့ မြန်မာဘာသာစကားကို အခြေခံပညာအဆင့်မှာ သင်ယူမှုရှိရမည်၊ လိုအပ်ပါက ကလေးတွေရဲ့ မိခင်ဘာသာစကားနဲ့ သင်ကြားနာယူခွင့်ပြုသည် စတဲ့အချက်တွေကို NNER က ကန့်ကွက်တာလို့ သိရပါတယ်။
အဲဒီအမျိုးသားပညာရေး ဥပဒေကြမ်းဟာ ပြည်သူ့လွှတ်တော် ပညာရေး မြင့်တင်ရေးကော်မတီနဲ့ အစိုးရပညာရေး ဝန်ကြီးဋ္ဌာနတို့ ရေးဆွဲခဲ့တဲ့ ဥပဒေကြမ်းနှစ်ခုကို ပူးပေါင်းထားတာဖြစ်ပါတယ်။ ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး အရပ်ဘက်အဖွဲ့အစည်းတွေ၊ ကျောင်းသားသမဂ္ဂတွေ စုပေါင်းထားတဲ့ NNER ခေါ် မြန်မာနိုင်ငံပညာရေး စနစ် ပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာကွန်ရက်ကလည်း ဥပဒေကြမ်း တစ်ခုရေးဆွဲတင်ပြခဲ့ပါတယ်။
NNER ရဲ့ တင်ပြချက်မူကြမ်းဟာ လျစ်လျူရှုခံခဲ့ရတယ်လို့ ကွန်ရက်အဖွဲ့ဝင်တွေက ပြောပါတယ်။