လေးပွင့်ဆိုင် တွေ့ဆုံပွဲအတွက် ကိုယ်စားလှယ်များ အကြိုညှိနှိုင်း
2015.02.02

နေပြည်တော် ပညာရေးဝန်ကြီးဌာနရုံးမှာကျင်းပ မယ့် လေးပွင့်ဆိုင်တွေ့ဆုံပွဲမှာ ဆွေးနွေးမယ့် အချက်တွေကို မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်း လဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်နဲ့ ကျောင်းသား ကိုယ်စားလှယ်တွေက ရန်ကုန်မြို့မှာ ဒီနေ့ အကြိုညှိနှိုင်းကြပါတယ်။
မနက်ဖြန်ဆွေးနွေးပွဲမှာ ကျောင်းသား ကျောင်း သူတွေ တောင်းဆိုထားတဲ့ အချက် ၁၁ ချက်ကို ထည့်သွင်းဆွေးနွေးမှာဖြစ်တာကြောင့် အကြို ညှိနှိုင်းတာဖြစ်တယ်လို့ မြန်မာနိုင်ငံ ပညာရေး စနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်အဖွဲ့ဝင် ဒေါက်တာ ညိုညိုသင်းက ပြောပါတယ်။
"ဒီနေ့ကတော့ အစိုးရတို့ လွှတ်တော်တို့ မပါပါဘူး၊ အန်တီတို့ ဒီဘက်အချင်းချင်း ပြန်ညှိမှာပေ့ါနော်၊ မနက်ဖြန်ကျရင် ဘာတွေကို အခြေခံထားပြီး ပြော မယ်ဆိုတဲ့ဟာပေါ့၊ အထူးသဖြင့် ၁၁ ချက်ပေ့ါ၊ ခိုင်မာအောင် ပြန်လည်ဆွေးနွေးတာပေ့ါ"
မနေ့က ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင်တွေနဲ့ မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်အဖွဲ့ဝင်တွေ ရဲ့ ပထမဆုံးအကြိမ် လေးပွင့်ဆိုင်တွေ့ဆုံပွဲမှာ ကျောင်းသားတွေက တင်ပြတဲ့ အချက် ၉ ချက်ထဲက ၆ ချက်သာ သဘောတူညီမှုရရှိခဲ့ပါတယ်။
အဲဒီတွေ့ဆုံပွဲမှာ လေးပွင့်ဆိုင်တွေ့ဆုံပွဲတွေအတွက် လိုအပ်တဲ့ အကြိုသဘောတူညီမှု ၉ ချက်ကိုသာ ညှိနှိုင်းခဲ့ တာဖြစ်ပြီး မနက်ဖြန်မှသာ အမျိုးသားပညာရေးဥပဒေမှာ ပြင်ပေးဖို့ ကျောင်းသားတွေတောင်းဆိုထားတဲ့ အချက် ၁၁ ချက်ကို စတင်ဆွေးနွေးမှာ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီ ၁၁ ချက်ထဲမှာ ပညာရေးအတွက် နိုင်ငံတော်အသုံးစရိတ်ကို ၂၀ % အထိ တိုးပေးဖို့၊ ပညာရေးစနစ်မှာ အစိုးရရဲ့ ဗဟိုချုပ်ကိုင်မှုလျှော့ချပေးဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။
ကျောင်းသားတွေ တောင်းဆိုချက်တွေကို အစိုးရဘက်က လက်တွေ့အကောင်အထည်ဖော်နိုင်မှု ရှိ၊ မရှိအပေါ် RFA သတင်းထောက် မဝေမာထွန်းက စုစည်းတင်ပြထားပါတယ်။