ရွေးကောက်ပွဲကို သပိတ်မှောက်ကြောင်း NLD တရားဝင်ကြေညာ
2010.10.26

NLD ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်က ကြေညာချက်မှာ ပြည်သူတွေရဲ့ မဲပေးခွင့်နဲ့ ပတ်သက်ပြီး ပါဝင်တဲ့အချက်တွေကို RFA ကို ပြောပါတယ်။
“မဲဆန္ဒရှင် ပြည်သူလူထုအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများအရ ရွေးကောက်ပွဲတွင် မဲပေးခြင်း မပြုပဲ နေနိုင်သော အခွင့်အရေး ရှိပါသည်။ ထို့ပြင် တဦးဦးက အတင်းအဓမ္မ မဲပေးခိုင်းပါက သက်ဆိုင်ရာ ရဲစခန်းသို့ အမှုဖွင့် တိုင်ကြားနိုင်ပါသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုင်ငံသားတွေအနေနဲ့ မဲပေးဖို့ အခွင့်အရေး ရှိသလို ဆန္ဒမရှိရင် မဲမပေးပါကလည်း ဥပဒေအရ အခွင့်အရေးပဲ ဟူ၍လည်းကောင်း၊ အတင်းအဓမ္မ မဲပေးခိုင်းခြင်းသည် ဥပဒေကို ချိုးဖောက်ခြင်း ဖြစ်သည် ဟူ၍လည်းကောင်း၊ NLD မပါလို့ ဘယ်သူ့ကို မဲပေးရမလဲဆိုရင် ကိုယ်ကြိုက်တဲ့ ပါတီမပါရင် မဲမထည့်ပဲ နေပါဟူ၍လည်းကောင်း၊ ၎င်း၏ သဘောထားများကို ထုတ်ဖော်ထားပြီး ဖြစ်ပါကြောင်း အများပြည်သူ သိစေရန် ကြေညာလိုက်သည်။”
စစ်အစိုးရရဲ့ ဒီရွေးကောက်ပွဲဟာ စစ်အာဏာရှင်စနစ်ကို သက်တမ်းရှည်စေမှာ ဖြစ်တဲ့အပြင် တိုင်းရင်းသား ပြည်သူတွေရဲ့ အခွင့်အရေး မပါဝင်တဲ့အတွက် NLD ပါတီအနေနဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်ကြောင်း ကြေညာချက်မှာ ရှင်းပြထားပါတယ်။