ကလေးမြို့ဆုံးဖြတ်ချက် တိုင်းရင်းသားခေါင်းဆောင်များဖြင့် NLD ဆွေးနွေး

ညောင်ရွှေမြို့မှာ ရောက်နေတဲ့ NLD စည်းရုံးရေး အဖွဲ့ဝင်တွေနဲ့ CRPP အဖွဲ့ဝင်တွေ နိုဝင်ဘာ ၄ ရက် ဒီကနေ့ မနက်ပိုင်းက ဌာနေ NLD အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပြီး ဒုတိယအကြိမ် ပင်လုံညီလာခံ ကျင်းပရေး ကလေးမြို့ ဆုံးဖြတ်ချက်ကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

2010.11.04

ဒုတိယအကြိမ် ပင်လုံ ညီလာခံကျင်းပရေး ကလေးမြို့ ဆုံးဖြတ်ချက်ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ရက်နေ့က ဇိုမီးအမျိုးသား ကွန်ဂရက် ၂၂ နှစ်ပြည့် အခမ်းအနားမှာ တိုင်းရင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးလောကက ပုဂ္ဂိုလ်များ စုပေါင်း လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ညောင်ရွှေမြို့မှာ ဒီကနေ့ ဆွေးနွေးခဲ့တာနဲ့ ပတ်သက်ပြီး NLD ဗဟိုကော်မတီဝင် ဦးအုန်းကြိုင်က ခုလို ပြောပါတယ်။

“NLD က လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဦးထွန်းလှိုင်ဆီ သွားတယ်။ နောက် ကျွန်တော်တို့ ညောင်ရွှေမြို့နယ် စည်းရုံးရေးကော်မတီဝင်အနေနဲ့ ကျွန်တော် အဲဒီမှာ တွေ့ပါတယ်။ ကျွန်တော့ဆီမှာ တွေ့ပါတယ်။ တွေ့တော့ ကျွန်တော်တို့ ညောင်ရွှေမှာတော့ ကလေးမြို့ စာတမ်းကိစ္စပေါ့၊ ဒုတိယ ပင်လုံညီလာခံ ကိစ္စကို ကျွန်တော်တို့ ဆွေးနွေးကြတယ်၊ ဆရာကြီးရဲ့ သဘောထားရော ဘာရောပေါ့ ဆွေးနွေးကြတယ်။”

ဆွေးနွေးပွဲမှာ CRPP အဖွဲ့ အထွေထွေအတွင်းရေးမှူး ဦးအေးသာအောင်ပါ ပါဝင်ဆွေးနွေးတာ ဖြစ်ပါတယ်။

ဒီကနေ့ ညနေပိုင်းမှာ NLD ရှမ်းပြည်တောင်ပိုင်း စည်းရုံးရေးအဖွဲ့ဟာ ညောင်ရွှေမြို့က တဆင့် ရန်ကုန်မြို့ကို ပြန်လည် ထွက်ခွာလာပြီလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။