မြန်မာ့ ဒီမိုကရေစီရေးထောက်ကူမည့် ဆုံးဖြတ်ချက်မျိုး အီးယူ ချမှတ်စေလို
2011.04.28

ထိုင်းနိုင်ငံ ဗန်ကောက်မြို့ အခြေစိုက် ဆွစ်ဇာလန် သံအမတ်ကြီး ခရစ္စတိုဖာ ဘာဂျန်နာက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးကို ရန်ကုန်မြို့က NLD ရုံးချုပ်မှာ နေ့လည် ၃ နာရီက သွားရောက် တွေ့ဆုံခဲ့ပါတယ်။ အဲဒီ တွေ့ဆုံပွဲမှာ လက်ရှိ အစိုးရသစ်အောက်မှာ NLD ရပ်တည်နေရတဲ့ အခြေအနေနဲ့ ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကို ဆွစ်ဇာလန် သံအမတ်ကြီးက မေးမြန်းခဲ့ပြီး လိုအပ်သလို အကူအညီပေးဖို့လည်း ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးက RFA ကို အခုလို ပြောပါတယ်။
“သံအမတ်နဲ့က တော်တော် ၄၅ မိနစ်လောက်တော့ ကြာတယ်ဗျ။ အဲဒါတော့ ကျွန်တော်ရယ်၊ ကိုဝင်းထိန်ရယ်၊ နောက်ပြီးတော့ ကိုဟံသာမြင့်ရယ်၊ သုံးယောက်ပေါ့ဗျာ။ တခုတော့ ပြောတယ်၊ ခင်ဗျားတို့ ဒီ အီးယူတို့ ဘာတို့ လုပ်တဲ့အခါမှာတော့ကာ ကျွန်တော်တို့ ဒီမိုကရေစီ အင်အားစုကို အားပေးမဲ့၊ ထောက်ခံနိုင်မဲ့၊ အကျိုးရှိစေမဲ့ သဘောတွေကိုပဲ ပြောကြပါ၊ လုပ်ကြပါ၊ ဒါပဲ ကျွန်တော် လေးလေးနက်နက် မှာချင်တယ်၊ ဒီလောက်ပါပဲ။”
“ကျန်တာတွေကတော့ ခင်ဗျားတို့ ထုံးစံအတိုင်းပေါ့၊ ကျုပ်တို့နဲ့ ပတ်သက်လို့ စိတ်ဓာတ်ရေးရာအရ ဒါကတော့ ခင်ဗျားတို့ ထောက်ပံ့ ကူညီ၊ ဒီလောက်ပါပဲ။ ကျွန်တော်တို့ ကိစ္စဝိစ္စ အားလုံးက ကျုပ်တို့ အင်အား ကျုပ်တို့ထဲမှာ ရှိတယ်၊ ကျုပ်တို့ဟာ ကျုပ်တို့ လုပ်မယ်၊ ဒါပဲ။”
အစိုးရသစ် တက်လာပြီးတဲ့နောက်ပိုင်း အခြေအနေတွေအကြောင်း ပြောဆိုကြတဲ့အခါမှာတော့ ခုချိန်ထိ ထူးခြားမှု တစုံတရာ မတွေ့ရသေးကြောင်း၊ အထူးသဖြင့် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်မပေးသေးတာက အဓိက ဖြစ်ဖြစ်ကြောင်း ထောက်ပြခဲ့တယ်လို့ ဦးတင်ဦးက ပြောပါတယ်။
ဆွစ်ဇာလန်သံအမတ်ကြီး ကမ်းလှမ်းခဲ့တဲ့ လူမှုရေး အကူအညီနဲ့ ပတ်သက်ပြီးတော့လည်း ဒေါ်အောင်ဆန်းစုကြည် စီစဉ်နေတဲ့ မြန်မာ့ လယ်သမားတွေအတွက် လိုအပ်နေတဲ့ မြွေဆိပ်ဖြေဆေး ကူညီရေးကိစ္စ ပြောဆိုလိုက်တယ်လို့ ဦးတင်ဦးက ပြောပါတယ်။
ဒီကနေ့ နေ့ခင်းပိုင်းကလည်း ဒိန်းမတ်နိုင်ငံသံရုံးက နိုင်ငံရေးဆိုင်ရာအတွင်းဝန် Mads Bayer က ဦးတင်ဦး၊ ဦးဝင်းထိန်တို့ကို NLD ရုံးချုပ်ကို သွားရောက် တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။