NLD ကို အရေးယူပေးဖို့ ၂၁ ပါတီရဲ့ တိုင်ကြားချက်ကို ကော်မရှင် အကြောင်းပြန်


2018.08.13
nld-woman-committee-622.jpg အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးလုပ်ငန်းကော်မတီများ စုံညီတွေ့ဆုံပွဲကို ၂ဝ၁၈ ခုနှစ် ဇွန်လ ၃ဝ ရက်နေ့က နေပြည်တော်မှာ ကျင်းပခဲ့စဉ်
Photo: Win Ko Ko Latt/RFA

NLD ပါတီက ဦးဆောင်ကျင်းပခဲ့တဲ့ အမျိုးသမီးညီလာခံနဲ့ပတ်သက်ပြီး အရေးယူပေးဖို့ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ အပါအဝင် ပါတီ ၂၁ ခုက တိုင်ကြားထားမှုကို အရေးယူရမယ့် ဥပဒေပုဒ်မတွေနဲ့ ပြန်လည်တင်ပြဖို့ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်က အကြောင်းပြန်လိုက်ပါတယ်။

အမျိုးသမီးညီလာခံမှာ ပြည်ထောင်စုဝန်ကြီးနှစ်ဦး တက်ရောက် မိန့်ခွန်း ပြောခဲ့တာဟာ ဥပဒေနဲ့မညီတာကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဘယ်လိုပုဒ်မတွေနဲ့ အရေးယူရမလဲဆိုတာ မူလတိုင်တန်းစာထဲမှာ ထည့်သွင်းဖော်ပြ ခဲ့ပြီးဖြစ်တယ်လို့ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး က ပြောပါတယ်။

"ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆ (က) နိုင်ငံဝန်ထမ်းတွေဟာ ပါတီနိုင်ငံရေးကင်းရှင်းရမယ်ဆိုတဲ့ အချက်ပေါ့။ နောက်တစ်ချက်က ပြည်ထောင်စုဝန်ကြီးတွေနဲ့ ပတ်သက်လို့ရယ် နေပြည်တော်ကောင်စီ ပတ်သက်လို့က ၂၃၂ (ဋ) နဲ့ ၂၈၅ (ဆ) တွေကိုဖော်ပြပြီးတော့ ဒီဥပဒေတွေမှာတော့ ဒီလိုပါပါတယ်။ သူတို့လုပ်နေတဲ့ ကိစ္စတွေက ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ကန့်သတ်ထားချက်တွေကို ကျော်လွန်လုပ်ဆောင်နေပါတယ်။ ဒါကြောင့်မို့လို တည်ဆဲဥပဒေများနဲ့အညီ အရေးယူပေးပါလို့ ဒီလိုမျိုးတိုင်ကြားထားတာပါခင်ဗျ"

ဇွန်လ ၃ဝ ရက်နေ့ကနေ ဇူလိုင်လ ၂ ရက်နေ့အထိ နေပြည်တော်မှာ ကျင်းပခဲ့တဲ့ အမျိုးသမီးညီလာခံမှာ နိုင်ငံ့ဝန်ထမ်းတွေက ကူညီဆောင်ရွက်တာ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးတို့က တက်ရောက်မိန့်ခွန်းပြောတာ၊ ညီလာခံ အကြောင်းအရာကို နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြခဲ့တာတွေနဲ့ပတ်သက်ပြီး နိုင်ငံရေးပါတီ ၂၁ ခုက ဇူလိုင်လ ၁၅ ရက်နေ့က တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

အဲဒီတိုင်ကြားချက်နဲ့ ပတ်သက်ပြီး တည်ဆဲဥပဒေတွေနဲ့ အရေးယူပေးဖို့ဆိုတာ ကျယ်ပြန့်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ အကြောင်းပြန်စာမှာ ဖော်ပြထားပါတယ်။

ရွေးကောက်ပွဲကော်မရှင်ဟာ ပါတီတွေရဲ့ တိုင်တန်းမှုကို အရေးယူဖို့အတွက် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာခုံရုံးကို တင်ပြဆောင်ရွက်ခွင့်ရှိပေမယ့် ပါတီတွေထံ အခုလို စာပြန်ပေးပို့တာဟာ လုပ်ငန်းကြန့် ကြာစေတယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး က ပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အကြောင်းပြန်စာအပေါ် နိုင်ငံရေးပါတီ ၂၁ ပါတီက ဒီရက်ပိုင်းအတွင်း အစည်းအဝေးကျင်းပပြီး ဆွေးနွေးဆုံးဖြတ်သွားဖို့ရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။