NLD အမျိုးသမီးလုပ်ငန်းကော်မတီ စုံညီတေ့ွဆုံပွဲကို ဝန်ကြီး ၂ ဦး တက်ရောက်


2018.06.30
nld-woman-committee-622.jpg အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးလုပ်ငန်းကော်မတီများ စုံညီတွေ့ဆုံပွဲကို ၂ဝ၁၈ ခုနှစ် ဇွန်လ ၃ဝ ရက်နေ့က နေပြည်တော်မှာ ကျင်းပခဲ့စဉ်
Photo: Win Ko Ko Latt/RFA

အာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးလုပ်ငန်းကော် မတီများ စုံညီတွေ့ဆုံပွဲကို ပြည်ထောင်စုဝန်ကြီးတချို့ တက်ရောက်ခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအမျိုးသမီး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ဒေါ်မေဝင်းမြင့် က ဝန်ကြီးအချို့ တက်ရောက်တာဟာ နိုင်ငံရေးပါတီကိစ္စမပါဘဲ အမျိုးသမီးအရေးအတွက် ပူးပေါင်းဆောင်ရွက်တာလို့ ပြောပါတယ်။

"ပူးပေါင်းဆောင်ရွက်ရမှာလေ။ ဦးတည်ချက်ကတော့ နိုင်ငံအကျိုးအတွက်ပဲ။ ဝန်ကြီး ဦးဝင်းမြတ်အေးက အမျိုးသမီးအဖွဲ့ ဥက္ကဋ္ဌအနေနဲ့ တက်တာ။ ကျန်းမာရေးကိုဖိတ်တာကျတော့ အမျိုးသမီးက ကျန်းမာရေးက အရေးအကြီးဆုံးပဲလေ။ ဒါ့ကြောင့် အန်တီတို့ မေတ္တာရပ်ခံတယ်။ ဝန်ကြီး တက်ပေးပါ။ အဖွင့်လေးတော့ ပြောပေးပါ ဆိုပြီးတော့။ ဒါက စောစောက ရှင်းပြသွားတဲ့အတိုင်းပဲ အမျိုးသမီးထုဆိုတာ နိုင်ငံတစ်ခုလုံးမှာရှိတဲ့ ၅၁ ရာခိုင်နှုန်းကျော်တယ်လေ။ ဆရာပြောသွားတာ ဘာမှ ပါတီကိစ္စမပါဘူး"

နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ ၂ မှာ ဒီကနေ့ စတင်ကျင်းပတဲ့ စုံညီတွေ့ဆုံပွဲကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာ မြင့်ထွေး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်တို့ တက်ရောက် ခဲ့ပါတယ်။

ကျန်းမာရေးဝန်ကြီး ဒေါက်တာ မြင့်ထွေးက နောင်မှာ အလုပ်ရုံဆွေးနွေးပွဲတွေ တက်ရောက်ဟောပြောပေးမှာ ဖြစ်ကြောင်းနဲ့ အမျိုးသမီးအဖွဲ့ကြီးအနေနဲ့ ကျန်းမာရေးကဏ္ဍကို အခုထက်ပိုပြီး အားစိုက်လုပ်ဆောင်ပေးဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၂ (ဋ) အရ ပြည်ထောင်စုဝန်ကြီးတွေဟာ နိုင်ငံရေးပါတီတစ်ခုရဲ့ အဖွဲ့ဝင်အဖြစ် ကနေ ဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခံရတဲ့နေ့ကစပြီး ရာထူးသက်တမ်းအတွင်း သက်ဆိုင်ရာပါတီအဖွဲ့အစည်းရဲ့ ပါတီလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ခြင်းမပြုဖို့ ပြဌာန်းထားပါတယ်။

ဒီကနေ့ကနေ ဇူလိုင်လ ၂ ရက်နေ့အထိကျင်းပမယ့် စုံညီတွေ့ဆုံပွဲကို တစ်နိုင်ငံလုံးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသမီးလုပ်ငန်းကော်မတီတွေက အဖွဲ့ဝင်ပေါင်း ၈ဝဝ နီးပါး တက်ရောက်နေတာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။