၀န်ကြီးနှစ်ဦး တက်ရောက်မိန့်ခွန်းပြောမှု ပါတီ ၂၃ ခု ကန့်ကွက်
2018.08.06

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသမီးအဖွဲ့က ဦးဆောင်ကျင်းပခဲ့တဲ့ အမျိုးသမီးညီလာခံကို ပြည်ထောင်စုဝန်ကြီး နှစ်ဦး တက်ရောက်မိန့်ခွန်းပြောခဲ့တဲ့အပေါ် ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီအပါအဝင် ပါတီ ၂၃ ခုက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ ကန့်ကွက်ကြောင်း တိုင်ကြားထားပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အကြောင်းပြန်ကြားတာ မရှိသေးဘူးလို့ USDP ပါတီရဲ့ ပြောရေးဆိုခွင့် ရှိသူ ဦးသိန်းထွန်း က ပြောပါတယ်။
"ကျနော်တို့ပါတီအပါအဝင် နိုင်ငံရေးပါတီ ၂၃ ပါတီ လက်မှတ်ရေးထိုးပြီးတော့ အချက် ၃ ချက် တိုင်ကြားခဲ့ပါတယ် ခင်ဗျ။ သတင်းအစအန လုံးဝမကြားရသေးပါဘူး။ ကျနော်တို့တင်ထားတာက ၇ လပိုင်း ၁၅ ရက်နေ့က တင်ထားတာဖြစ်ပါတယ်”
ဇွန်လ ၃၀ ရက်နေ့ကနေ ဇူလိုင်လ ၂ ရက်နေ့အထိ နေပြည်တော်မှာ ကျင်းပခဲ့တဲ့ အမျိုးသမီးညီလာခံမှာ နိုင်ငံ့ ဝန်ထမ်းတွေက ကူညီဆောင်ရွက်တာ၊ ပြည်ထောင်စုဝန်ကြီး နှစ်ဦးက တက်ရောက်မိန့်ခွန်းပြောတာနဲ့ ညီလာခံ အကြောင်းအရာကို နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြခဲ့တယ်ဆိုပြီး နိုင်ငံရေးပါတီတွေက တိုင်တန်းခဲ့တာ ဖြစ်ပါတယ်။
အဲဒီညီလာခံကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာ မြင့်ထွေးနဲ့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်တို့ တက်ရောက်ခဲ့တာဖြစ်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၂ (ဋ) အရ ပြည်ထောင်စုဝန်ကြီးတွေဟာ နိုင်ငံရေးပါတီတစ်ခုရဲ့ အဖွဲ့ဝင်အဖြစ် ကနေ ဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခံရတဲ့နေ့ကစပြီး ရာထူးသက်တမ်းအတွင်း သက်ဆိုင် ရာပါတီအဖွဲ့အစည်းရဲ့ ပါတီလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ခြင်းမပြုဖို့ ပြဌာန်းထားပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က နိုင်ငံရေးပါတီတွေရဲ့ တိုင်တန်းချက်နဲ့ ပတ်သက်ပြီး စစ်ဆေးဆောင်ရွက်နေဆဲဖြစ်တယ်လို့ ပြောပါတယ်။