သမ္မတဟောင်းလုံခြုံရေးနဲ့ ပတ် သက်ပြီး NLD နောက်ကြောင်း လှန်မှာ မဟုတ်


2015.12.22
winhtein-620.jpg NLD ပါတီ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဦးဝင်းထိန် ကို ဒီဇင်ဘာလ ၁ ရက်နေ့က ရန်ကုန်မြိုု့မှာတွေ့ရစဉ်
Photo: Myo Zaw Ko/RFA

နိုင်ငံတော်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူအပေါ် အကာအကွယ်ပေးမယ်ဆိုတဲ့ ဥပဒေကြမ်းကို ပြည်သူ့ လွှတ်တော်မှာ မနေ့က တင်သွင်းခဲ့တာနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအနေနဲ့ အမျိုးသား ရင်ကြားစေ့ရေးမူကို ကိုင်စွဲထားပြီး နောက်ကြောင်းလှန်တာမျိုးတွေ လုပ်မှာမဟုတ်ကြောင်း NLD ပါတီ ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က ပြောပါတယ်။

အဲဒီ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှာ ပြည်ထဲရေးဝန်ကြီးဌာနက မနေ့က တင်သွင်းခဲ့တာနဲ့ ပတ်သက် ပြီး ပြည်သူ့လွှတ်တော်မှာ သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို ဦးဝင်းထိန်က အခုလိုပြောဆိုလိုက် တာ ဖြစ်ပါတယ်။

"သမ္မတတစ်ယောက် သက်တမ်းပြည့်လို့ အငြိမ်းစားယူသွားလို့ရှိရင် လုံခြုံရေးတွေ ပေးလေ့ပေးထတော့ရှိတယ်၊ သို့သော် သမ္မတသက်တမ်းကာလမှာ သမ္မတတာဝန်ကို ထမ်းဆောင်သွားတဲ့အချိန်မှာ အသိမဲ့စွာနဲ့ လုပ်သွား တယ်ဆိုရင်တော့ ဒါကပြောစရာမရှိဘူး၊ အန်ကယ်တို့သဘောကတော့ နောက်ကြောင်းလှန်မယ့်ဟာ မျိုးတော့ ရှောင်ရှားမှာပါ၊ ဘာကြောင့်လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည် ပြောသလိုပေါ့ အမျိုးသား ရင်ကြားစေ့ရေးကို လက်ကိုင်ထားပြီးသားမို့ ရှေ့သွားမယ့်လမ်းကြောင်းကိုပဲ ကြည့်ချင်တယ်၊ နောက်ကြောင်း လှန်တာ သိပ်မလုပ်ချင်ဘူး"

အဲဒီဥပဒေကြမ်းမှာ နိုင်ငံတော်သမ္မတအဖြစ် ထမ်းဆောင်ခဲ့ချိန်အတွင်း၊ တာဝန်အရ ဆောင်ရွက်ချက်တွေကို အကြောင်းပြုပြီး တရားစွဲဆိုခြင်း၊ အရေးယူခြင်းမပြုရလို့ ပါရှိပါတယ်။ ဒါ့အပြင် နိုင်ငံတော်သမ္မတ တာဝန် ထမ်းဆောင်ခဲ့သူရဲ့ အသက်အန္တရာယ်ကို ကာကွယ်ရန်နဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့အချိန်မှာ ဥပဒေနဲ့အညီ ဆုံးဖြတ်ခဲ့တဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး အနှောင့်အယှက်ပေးခြင်း၊ အန္တရာယ်ပြုခြင်းတို့မှ ကာကွယ်ရန် ဥပဒေကြမ်း ကို ရေးဆွဲတင်သွင်းရတာဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ပြည်သူ့ လွှတ်တော်မှာ မနေ့က ပြောဆိုခဲ့ပါတယ်။

အဲဒီဥပဒေကြမ်းမှာ နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူက အဆိုပြုတဲ့သူကို လုံခြုံရေးအတွက် ကိုယ်ရံတော်တစ်ယောက်ကို ခန့်ထားနိုင်ကြောင်း၊ နေအိမ်နဲ့ ပြင်ပသို့သွားလာတဲ့အခါမှာလည်း လုံခြုံရေးအဖွဲ့ရဲ့ အစောင့်အရှောက်နဲ့ သွားလာရမယ်လို့ ပြဌာန်းထားပါတယ်။

နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူရဲ့ လုံခြုံရေးအတွက် အကာအကွယ်ပေးခြင်းကို ရာထူးသက်တမ်း ကုန်ဆုံးတဲ့နေ့မှစပြီး ရာသက်ပန်ခံစားခွင့်ရှိကြောင်း ဥပဒေကြမ်းမှာပါရှိပါတယ်။

နိုင်ငံရေးပင်စင်လို့ခေါ်တဲ့ တလုံးတခဲတည်းချီးမြင့်ငွေကို လွှတ်တော်ကိုယ်စားလှယ်တွေတင်မကဘဲ နိုင်ငံတော် သမ္မတ၊ ဒုသမ္မတနဲ့ ပြည်ထောင်စုအဆင့်ဝန်ကြီးတွေပါ ခံစားခွင့်ရမှာဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက မနေ့ကကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

လက်ရှိနိုင်ငံဘဏ္ဍာရေး အခြေအနေအရ ပြည်ထောင်စုအဆင့် အစိုးရဝန်ထမ်းတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ အားလုံးကို နိုင်ငံရေးပင်စင်ပေးရမယ်ဆိုတာဟာ မဖြစ်သင့်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ပြောကြ ပါတယ်။

အာအက်ဖ်အေ သတင်းထောက် မဝေမာထွန်း စုစည်းတင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။