သူရဦးတင်ဦး ကျန်းမာရေး စိုးရိမ်ရ

RFA Burmese
2024.05.30
သူရဦးတင်ဦး ကျန်းမာရေး စိုးရိမ်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နာယက သူရဦးတင်ဦးကို ၂၀၁၆ ခုနှစ်အတွင်းက တွေ့ရစဉ်။
Photo: RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယကကြီး ဦးတင်ဦးဟာ ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ဆောင်မှာ စိုးရိမ်လူနာအဖြစ် ဆေးကုသခံယူနေရတယ်လို့ မိသားစုက RFA ကို မေလ ၃ဝ ရက် ဒီနေ့ညပိုင်းမှာပြောပါတယ်။

ဦးတင်ဦးကို မေလ ၂၉ ရက် မနေ့က ရန်ကုန်ဆေးရုံ၊ နှလုံးကုသဆောင်ကို ပို့ဆောင်ခဲ့ရပြီး၊ အဲဒီကနေတစ်ဆင့် အထူးကြပ်မတ်ဆောင်ကို ဒီနေ့ပြောင်းရွှေ့လိုက်တာလို့ သားဖြစ်သူ ဦးသန့်ဇင်ဦးက ဒီနေ့ည ကိုးနာရီလောက်မှာ RFA ကိုပြောပါတယ်။

"မနေ့ကတော့ CCU ( နှလုံးကုသဆောင် ) မှာတင်လိုက်တယ်။ ဒီနေ့ ပိုစိတ်ချရအောင် ICU (အထူးကြပ်မတ်ဆောင်) မှာ တင်ထားတယ်။ ဆီးသွားတာနည်းနေတော့ ပြောင်းလိုက်ရတာ။ ခြေထောက်မှာလည်း သွေးခဲတာမျိုးဖြစ်နေတယ်။ ဆရာဝန်ပြောတာကတော့ အဆုတ် infection ဝင်တယ်လို့ ပြောတယ်"

အသက် ၉၈ နှစ်ပြည့်ပြီဖြစ်တဲ့ ဦးတင်ဦးဟာ လက်ရှိသတိရှိနေဆဲဖြစ်ပြီး မိသားစုဝင်တွေက စောင့်ကြည့်နေကြတယ်လို့လည်းဆိုပါတယ်။

"အသက်အရွယ်ကလည်းကြီးလာပြီတော့ ပိုစိုးရိမ်ရတယ်။ ကျောက်ကပ်တွေဘာတွေလည်း သိပ်အကောင်းကြီး မဟုတ်တော့ဘူး။ အဆုတ်တွေကလည်း ချွဲနဲ့ပြည့်တော့ စုပ်ထုတ်နေရတယ်။ သတိတော့ရှိတယ်။ မှတ်မိသေးတယ်"

သူရ ဦးတင်ဦးဟာ ၂ဝ၁၇ ခုနှစ်မှာ နေအိမ် ရေချိုးခန်းထဲမှာ ချော်လဲပြီး လေဖြတ်ဝေဒနာ ခံစားရချိန်ကစလို့ အခုထိ စကားကောင်းကောင်း မပြောနိုင်တော့ပါဘူး။

ဦးတင်ဦးဟာ ၁၉၇၄ ခုနှစ်ကနေ ၁၉၇၆ ခုနှစ်အထိ ဗိုလ်ချုပ်ကြီးရာထူးနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့ဖူးပြီး သူရဲကောင်းမှတ်တမ်းဝင် ဇေယျကျော်ထင်နဲ့ သူရဘွဲ့ရရှိထားတာပါ။

၁၉၈၈ ခုနှစ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ တည်ထောင်ချိန်မှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ထိပ်ပိုင်းခေါင်းဆောင်အဖြစ် ပါဝင်ခဲ့သူဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။