ကြံ့ခိုင်ရေးပါတီအမတ်ကို NLD တရားစွဲမည်
2014.03.15

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီကို အသရေပျက်အောင် ထိခိုက်ပုတ်ခတ်ပြောဆိုမူ နဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးလှဆွေကို လာမယ့်သီတင်းပတ် အတွင်း တရားစွဲဆိုဖို့ ပြင်ဆင်နေတယ်လို့ NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက RFA ကို ဒီကနေ့ ထုတ်ဖော်ပြောဆိုပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေအနေ နဲ့ ပြည်တွင်း သတင်းမီဒီယာတွေနဲ့ မေးမြန်းခန်းတွေမှာ NLD ပါတီရဲ့ဂုဏ်သိက္ခာကို ကျဆင်းအောင် ပြောဆို မူတွေရှိတာကြောင့် ခုလို တရားစွဲဖို့ စီစဉ်တာလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။
" အသရေဖျက်တဲ့စကားပြောတယ်ဆိုပြီး ဒီအပေါ်မှာအဓိကထားတယ်၊ သေချာပြီးလားဆိုတော့ တရားစွဲတဲ့နေ့ကျမှပဲ သေချာမှာပေါ့၊ စွဲဖို့တော့လုပ်နေပါတယ်ဗျ၊ ပြင်ဆင်နေပါတယ်"
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေကလည်း NLD ပါတီ ဝင်တချို့က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ပုတ်ခတ်ပြောဆိုမူတွေ ရှိခဲ့ကြောင်း၊ သူ့အနေနဲ့ နေ့စွဲနဲ့တကွ မှတ်သား ထားကြောင်း ပြောပါတယ်။
" ကျွန်တော်တို့ကို ဒိဌိလို့ပြောတယ်၊ ကြိုက်စံကီ ကျည်စံကိုက်လို့ပြောတယ်၊ မိုက်ရူးရဲလို့ပြောတယ်၊ ကြံ့ဖွတ်လို့ပြောတာတော့များပြီပေါ့နော်၊ အမှောင်ဖုံးနေတယ်လို့ပြောတယ်၊ ပြီးရင် ၂၀၁၀ မှာ မဲလိမ်ပြီးတော့ ဝင်လာတာ လယ်ပြင်မှာဆင်သွားသလို ထင်ရှားတယ်ဆိုပြီးတော့ ခေတ်ဟောင်း စနစ်ဟောင်းရဲ့ အန်ဖတ်ဆိုပြီးတော့ ဒါတွေက အာဏာရှင်ငမိုက်သား ဒီလိုမျိုးပြောသေးတယ် ၃၀.၉.၂၀၁၃ က ကျွန်တော်က အကုန်လုံးမှတ်ထားတာ"
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဌ ဦးဌေးဦးကတော့ တချို့ကိစ္စတွေဟာ ပါတီအချင်းချင်းကြား မသင့်မမြတ်ဖြစ်တာမျိုးမဟုတ်ဘဲ လူပုဂ္ဂိုလ်အချင်းချင်းကြားက ကိစ္စတွေသာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။