လှေစီးဒုက္ခသည်များအရေး ပြည်ပ အကူနဲ့ ဖြေရှင်းဖို့ NLD ပြော
2015.06.01

လှေစီးဒုက္ခသည်တွေ အရေးကိစ္စကို အစိုးရအနေနဲ့ နိုင်ငံတကာရဲ့ အကူအညီတွေရယူပြီး ဖြေရှင်းဆောင်ရွက်ဖို့ လိုအပ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD က ဒီကနေ့ ကြေညာချက်ထုတ်ပြန်ပြီး တိုက်တွန်းလိုက်ပါတယ်။
လူသားအချင်းချင်း စာနာတဲ့စိတ်ထားနဲ့ ကူညီကြဖို့ NLD အနေနဲ့ တောင်းဆိုတာဖြစ်ကြောင်း ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန်က ပြောပါတယ်။
"ဒီလိုကြေညာချက် ထုတ်ပြန်တယ်ဆိုတာက အဲဒီ့ လှေစီးဒုက္ခသည်တွေရဲ့ ဒုက္ခတွေကို ကျနော်တို့က စာနာစိတ်နဲ့ နောက်တစ်ချက်က နိုင်ငံတကာအသိုင်းအဝိုင်းနဲ့လုပ်မှ အဆင်ပြေမယ်ဆိုတဲ့အချက်ကို ကျနော်တို့ထုတ်ပြန်တာပါ"
လှေစီးဒုက္ခသည်ကိစ္စဟာ ပြီးခဲ့တဲ့ ၃နှစ်ခန့်လောက်က ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခတွေနဲ့ ဆက်စပ်မှုရှိတယ်လို့ ယူဆတဲ့အတွက် အချိန်မဆွဲဖို့ လိုအပ်ကြောင်းလည်း NLD ရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။
လှေစီးဒုက္ခသည်တွေ ထပ်မံမပေါ်ပေါက်ရေးအတွက်လည်း အချက် ၆ချက်ကို တောင်းဆိုလိုက်ပါတယ်။ အဲဒီအချက်တွေထဲမှာ တရားဥပဒေစိုးမိုးရေး၊ နယ်စပ်လုံခြုံရေး ၊ နယ်စပ်ဒေသနဲ့ သက်ဆိုင်တဲ့ အာဏာပိုင်တွေ အဂတိလိုက်စားမှုကင်းရှင်းရေး၊ ဒုက္ခသည်စခန်းတွေမှာ နေထိုင်သူတွေကို ပြန်လည်နေရာချထားရေး၊ ဒေသတွင်း လူမှုစီးပွားတိုးတက်ရေး စတဲ့အချက်တွေပါဝင်ပါတယ်။
ဒါ့အပြင် လူကုန်ကူးသူတွေကိုလည်း ဖေါ်ထုတ်အရေးယူပေးဖို့ ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။