NLD နာယက သူရဦးတင်ဦး ကွယ်လွန်
2024.05.31
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယကကြီး သူရဦးတင်ဦးဟာ ရန်ကုန်ဆေးရုံကြီးမှာ ဇွန်လ ၁ ရက် ဒီနေ့မနက် ၈ နာရီ ၄၅ မိနစ်က ကွယ်လွန်သွားပြီလို့ သားဖြစ်သူ ဦးသန့်ဇင်က RFA ကို အတည်ပြုပြောပါတယ်။
“နာရေး ငါးရက်ထားမယ်။ လာမဲ့ ဗုဒ္ဓဟူးနေ့မှာ သင်္ဂြိုဟ်မယ်”
ဦးတင်ဦးကို ၁၉၂၇ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့မှာ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်မှာ မွေးဖွားခဲ့ပြီး ကွယ်လွန်ချိန်မှာ အသက် ၉၈ နှစ်ရှိပြီ ဖြစ်ပါတယ်။
သူရဦးတင်ဦးကို မေလ ၂၉ ရက်နေ့က ရန်ကုန်ဆေးရုံ၊ နှလုံးကုသဆောင်ကို ပို့ဆောင်ခဲ့ရပြီး အဲဒီကတစ်ဆင့် အထူးကြပ်မတ်ဆောင်ကို ထပ်မံပို့ဆောင်ရင်း အသက်အရွယ်ကြီးတာကြောင့် ရောဂါဒဏ်နဲ့ ကွယ်လွန်သွားတာလို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
"ဒီတစ်ခါ ရောဂါအခြေအနေကို မကျော်နိုင်တဲ့သဘောပဲ။ အသက်ကလည်း ၉၈ ဆိုတော့ နှာခေါင်းပိုက်ဒဏ်တွေ၊ အစာပိုက်ဒဏ်တွေကို မခံနိုင်တော့လို့ပါ။ ဒီမနက်မှာပဲ ကောင်းကောင်းမွန်မွန် အသက်ဆုံးသွားပါတယ်"
သူရ ဦးတင်ဦးဟာ အခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့ကနေ ၁၁ ရက်နေ့အထိလည်း ရန်ကုန်ဆေးရုံသစ် (ဂျပန် ဆေးရုံကြီး) နဲ့ ရန်ကုန်ဆေးရုံကြီး နှလုံးအထူးကြပ်မတ်ကုသဆောင်မှာ ဆေးကုသမှု ခံယူခဲ့ရပါသေးတယ်။
ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က နေအိမ်ရေချိုးခန်းထဲမှာချော်လဲခဲ့ပြီး လေဖြတ်ဝေဒနာခံစားခဲ့ရချိန်ကစလို့ စကားကောင်းကောင်း မပြောနိုင်တော့တာပါ။
သူရဦးတင်ဦးဟာ ၁၉၇၄ ခုနှစ်ကနေ ၁၉၇၆ ခုနှစ်အထိ ဗိုလ်ချုပ်ကြီးရာထူးနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့ဖူးသူဖြစ်သလို သူရဲကောင်းမှတ်တမ်းဝင် ဇေယျကျော်ထင်နဲ့ သူရဘွဲ့ ရရှိထားတာပါ။
ဒါ့အပြင် ၁၉၈၈ ခုနှစ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို တည်ထောင်ချိန်ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ထိပ်ပိုင်းခေါင်းဆောင်တွေထဲ ပါဝင်သူ ဖြစ်ပါတယ်။
သူရဦးတင်ဦးဟာ ၁၉၇၄ မတ်လ ၈ ရက်ကနေ ၁၉၇၆ မတ်လ ၆ ရက်နေ့အထိ တပ်မတော်မှာ စတုတ္ထမြောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့က နေမကောင်းဖြစ်နေတဲ့ သူရဦးတင်ဦးကို နေအိမ်မှာ လာရောက်တွေ့ဆုံခဲ့ပါတယ်။