တိုင်းပြည်အတွက် ပူးပေါင်းဆောင် ရွက်ဖို့ အန်အယ်လ်ဒီနဲ့ မဘသ ဆွေးနွေးသဘောတူ


2016.01.02
utinoo-620.jpg အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီ နာယက ဦးတင်ဦးကို တွေ့ရစဉ်
Photo: RFA

တိုင်းပြည်အသွင်ကူးပြောင်းရေးကာလမှာ အနှောက်အယှက်ဖြစ်စေမယ့် အပြောအဆို၊ အသုံးအနှုန်းတွေ ကို နှစ်ဘက်ညှိနှိုင်းပြီး ထိန်းသိမ်းသွားဖို့အတွက် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ မဘသ ဗဟိုနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နာယက ဦးတင်ဦးတို့တွေ့ဆုံပွဲမှာ သဘောတူညီခဲ့ကြတယ်လို့ မဘသ အဖွဲ့က မိန့်ကြားပါတယ်။

အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ မဘသ ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒ န္တတိလောကဘိဝံသနဲ့ NLD နာယက ဦးတင်ဦးတို့ ရန်ကုန်မြို့မှာ မနေ့ကတွေ့ဆုံခဲ့ပြီး တိုင်းပြည်အတွက် အတူပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့တယ် လို့ မဘသအဖွဲ့ဗဟိုက ပြောခွင့်ရ ဆရာတော် ဦးဝိမလက မိန့်ကြားပါတယ်။

"အဲ့ဒါကတော့ ဒီလိုပဲပေါ့ ကိုယ့်ဘက်ကလွန်တာရှိရင် ကိုယ့်ဘက်ကလူကိုထိန်း၊ ဟိုဘက်ကလွန်ရင် ဟိုဘက်ကလူကို ကိုယ့်ဟာကိုယ်ထိန်းပြီးတော့ တိုင်းပြည်အတွက် အနှောက်အယှက်ဖြစ်စေနိုင်တဲ့ အသုံးအနှုန်း အပြောအဆိုတွေကိုရှောင်ရှားပြီးတော့၊ မတူညီတဲ့အရာတွေကိုဖယ်ခွါပြီးတော့ အကောင်းဆုံး တိုင်းပြည် အတွက် အတူချီတက်ကြမယ်ဆိုတဲ့ ရည်ရွယ်ချက် သန္နိဋ္ဌာန် နှစ်ဘက်မှာ ဒီသဘောတရားရှိရပါမယ်"

မဘသအဖွဲ့အနေနဲ့ နှစ်ဘက်အထင်အမြင်လွဲစေနိုင်မယ့် ကိစ္စတွေနဲ့ ပတ်သတ်ပြီး တိုင်းပြည်အရေးအတွက် အမှန်တကယ်အဆုံးအဖြတ်ပေးနိုင်တဲ့ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံနိုင်ရေးကို လိုလားကြောင်း ပြောခဲ့တယ်လို့ မိန့်ပါတယ်။ ဒါ့အပြင် မဘသအဖွဲ့နဲ့ အမျိုးသားဒီမိုကရေစိအဖွဲ့ချုပ် NLD ကြားမှာ လုပ်ငန်းဆောင်ရွက်တဲ့ နည်းနာပိုင်းမှာ မတူညီတာတွေရှိပေမယ့် တိုင်းပြည်ကောင်းကျိုးအတွက် ဆောင်ရွက်တဲ့ ရည်ရွယ်ချက်ကတော့ တူညီတယ်လို့ မဘသ ဥက္ကဋ္ဌ ဆရာတော်က မိန့်ကြားခဲ့တယ်လို့ သိရပါတယ်။

မဘသအဖွဲ့အနေနဲ့ အမျိုးဘာသာသာသနာစောင့်ရှောက်ရေးကိုသာ အဓိကထားလုပ်ဆောင်သွားမှာဖြစ်ပြီး အဏာရရှိရေးနဲ့ နိုင်ငံရေးအတွက် ဆောင်ရွက်သွားမှာမဟုတ်ကြောင်း မဘသ ဥက္ကဋ္ဌ ဆရာတော်က မိန့်ကြားခဲ့တယ်လို့ သိရပါတယ်။ NLD အနေနဲ့ မဘသရဲ့ဆောင်ရွက်ချက်တွေကြောင့် နိုင်ငံရေးဦးတည်ချက်တွေကို ထိခိုက်နစ်နာတယ်ဆိုရင် အချိန်မရွေးပြောဖို့ ဖိတ်ခေါ်ကြောင်းကိုလည်း မဘသ အဖွဲ့က ထုတ်ပြန်ကြေညာထားပါတယ်။

မဘသအဖွဲ့ဗဟိုက ပြောခွင့်ရ ဆရာတော် ဦးဝိမလကို RFA သတင်းထောက် ကိုသီဟထွန်း ဆက်သွယ်မေးမြန်း ထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။