သူရဦးရွှေမန်းရဲ့ ဆုံးဖြတ်ချက် ကိုသာ ထောက်ခံခဲ့တာလို့ NLD ထုတ်ပြန်
2014.07.31

PR ခေါ် အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးမှာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထောက်ခံတယ် ဆိုပြီး ပြည်သူတွေအကြား ထင်ယောင်ထင်မှား ဖြစ်လာ တဲ့အတွက် PR စနစ်ကို မထောက်ခံကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဒီနေ့ ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။
ဒီနေ့ ထုတ်ပြန်တဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်က အခုလို ပြောပါတယ်။
"တချို့က ရှင်းရှင်းလင်းလင်းမရှိတော့ PR စနစ်ကို NLD က ထောက်ခံသလား၊ မထောက်ခံဘူးလား ဆိုတာ အငြင်းပွားစရာတွေရှိလာပါတယ်၊ ကျနော်တို့ ထောက်ခံတယ်ဆိုတာက ဥက္ကဌရဲ့ ရှင်းလင်းပြောကြားချက်အပေါ်မှာ ထောက်ခံတာ ပါဆိုတာကို ကျနော်တို့က ရှင်းရှင်းလင်းလင်း ပြည်သူ လူထုသိအောင် လုပ်လိုက်တာပါ"
ဇူလိုင်လ ၂၉ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ NDF ပါတီက ဦးအောင်ဇင် တင်သွင်းတဲ့အဆို ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်တွေအနေ နဲ့ ထောက်ခံဆွေးနွေးခဲ့တာ မဟုတ်ဘဲ၊ ဒီအဆိုအပေါ် လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းရဲ့ ပြန်လည်ရှင်းလင်း အဓိပ္ပါယ်ဖွင့်ဆိုချက်အပေါ်မှာသာ ထောက်ခံတာဖြစ်တယ်လို့ ဦးရွှေမန်းရဲ့ ရှင်းလင်းချက်ကိုကိုးကားပြီး ကြေညာချက် မှာ ဖော်ပြထားပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေက မနေ့က လက်မှတ်ရေးထိုးပြီး သူရဦးရွှေမန်းထံ ပေးပို့ထားတယ်လို့လည်း ကြေညာချက်မှာ ပါရှိပါတယ်။