တနိုင်ငံလုံး ညီညွတ်ရေး NLD ကြေညာချက် ထုတ်ပြန်
2011.11.20
နယ်ချဲ့အစိုးရ ပြဋ္ဌာန်းတဲ့ တက္ကသိုလ် အက်ဥပဒေကို ကျောင်းသား ၁၁ ဦးက ငြိမ်းချမ်းတဲ့နည်းနဲ့ သပိတ်မှောက် ဆန္ဒပြရာက ပေါ်ပေါက်လာတဲ့ အမျိုးသားအောင်ပွဲနေ့ သမိုင်းကို ဒီ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ညီညွတ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း အမျိုးသား ညီညွတ်ရေးဆိုတာ တနိုင်ငံလုံးက လူမျိုး ဘာသာ၊ ယောက်ျား မိန်းမ၊ ဂိုဏ်းဂဏ မရွေး လူထုတရပ်လုံး အပြောသာမဟုတ် အလုပ်နဲ့တကွ အမျိုးသားတွေရဲ့ အလိုဆန္ဒတွေ ပြည့်ဝနိုင်ဖို့ အမျိုးသားတို့ရဲ့လုပ်ငန်းတွေမှာ သောင်းသောင်းဖြဖြ စိတ်ရောကိုယ်ပါ ညီညွတ်ကြတာကို ဆိုလိုကြောင်း ၁၉၄၆ ခုနှစ် ဖဆပလ ပြည်လုံးကျွတ် ညီလာခံကြီးမှာ ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။
ခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုကို ခံယူပြီး စည်းလုံးညီညွတ်စွာ လိုက်နာဆောင်ရွက်ခြင်း၊ အမျိုးသားရေး တာဝန်တရပ်ကို ထမ်းဆောင်ခြင်း၊ စည်းစနစ် ရှိခြင်းနဲ့ ပြည်သူက ထောက်ခံခြင်းတို့ကြောင့် ၁၉၂ဝ ပြည့်နှစ် ကျောင်းသားသပိတ် အောင်မြင်ခဲ့တာလို့ ကြေညာချက်က ဆိုပါတယ်။ ညီညွတ်မှ လွတ်လပ်မှု ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်ကိုလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒါကြောင့် တက္ကသိုလ်ကျောင်းသား သပိတ်ကြီးက ပြသခဲ့တဲ့ ညီညွတ်သွေးစည်းမှု၊ စည်းကမ်းရှိမှုကို နမူနာယူ၊ အမျိုးသားသင်ြ့မတ်ရေး၊ ငြိမ်းချမ်းရေးတို့ကို အမြန် တည်ဆောက်ပြီး ဒီမိုကရေစီ နိုင်ငံတော်ကို တက်ညီလက်ညီ အကောင်အထည်ဖော်ဖို့ လိုအပ်ကြောင်း ကြေညာချက်မှာ ရေးသားထားပါတယ်။