NLD ရဲ့ ပညာရေးကွန်ရက်ဖျော်ဖြေပွဲကနေ အလှုငွေ ၂၆၅၄ သိန်းကျော်ရရှိ
2012.12.29

ဒီရန်ပုံငွေရှာဖွေပွဲမှာ ရရှိလာတဲ့ရန်ပုံငွေတွေကို ပြည်သူလူထုအတွက် ပွင့်လင်းမြင်သာမှုရှိပြီး သိသာထင်ရှားမှုရှိအောင် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ပညာရေးကွန်ရက်ရဲ့ ညှိနှိုင်းရေးမှူးတစ်ဦးဖြစ်တဲ့ လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက RFA ကို ပြောပါတယ်။
မြန်မာပြည်ပညာရေးအဆင့်မြင့်မားဖို့ ရည်ရွယ်ဖွဲ့စည်းထားတဲ့ ပညာရေးကွန်ရက်ရဲ့ ဈေးရောင်းပွဲနဲ့ ဂီတပွဲတော်မှာ လွန်ခဲ့တဲ့နှစ် ၂၀ကျော်တုန်းက ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ထိုးထားတဲ့ ဆွယ်တာနှစ်ထည်ကို လေလံတင်ခဲ့ရာ ရွှေ FM ရေဒီယို ဥက္ကဋ္ဌနဲ့ အမည်မဖော်လိုသူတစ်ဦးတို့က ကျပ်ငွေ ၄၁၅ သိန်းနဲ့တစ်ထည်၊ ကျပ်ငွေသိန်း ၆၃၀နဲ့တစ်ထည် ဝယ်ယူသွားခဲ့ပါတယ်။
ပညာရေးကွန်ရက်ရဲ့(၂)နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ နှစ်ရက်ကြာကျင်းပခဲ့တဲ့ အခမဲ့ပညာဒါနကျောင်းတွေအတွက် ရန်ပုံငွေရှာဖွေပွဲမှာရရှိခဲ့တဲ့ အလှူငွေကျပ်သိန်းပေါင်း ၂၆၅၄ သိန်းအပြင် ဖုန်းနဲ့ဆက်သွယ်လှူဒါန်းထားတဲ့ အလှူငွေတွေ ထပ်မံရောက်ရှိလာရင်လည်း ပြည်သူအများသိအောင် ထုတ်ပြန်ကြေညာပေးမှာဖြစ်တယ်လို့ သိရပါတယ်။