တိုင်းရင်းသားပါတီတွေနဲ့ NLD ဆွေးနွေးမည်

ဖြူဖြူခိုင်
2019.12.27
dr-myonyunt-nld-622.JPG NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့် ကို တွေ့ရစဉ်
Photo: Wai Mar Tun/RFA

NLD ပါတီက တိုင်းရင်းသားပါတီတွေနဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့၊ ထိတွေ့ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့အတွက် အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။

NLD ပါတီဟာ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို ဦးတည်နေတာဖြစ်တဲ့အတွက် နောင်ဖွဲ့စည်းမယ့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုရဲ့ ပုံသဏ္ဍာန်ကို အဓိကညှိနှိုင်းဆွေးနွေးသွားဖို့၊ နိုင်ငံရေးအရ သဘောထား အမြင်ချင်း ဖလှယ်တာ၊ ပါတီချင်း ဆက်သွယ်ရေးအပါအဝင် အခြေအနေအားလုံးကို ဆွေးနွေးသွားဖို့ ရည်ရွယ်ပြီး မနေ့ကကျင်းပတဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့အစည်းအဝေးမှာ အခုလိုဆုံးဖြတ်လိုက်တာလို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က RFA ကိုပြောပါတယ်။

ပါတီဟာ၂၀၁၅ ရွေးကောက်ပွဲနိုင်ပြီး အစိုးရဖြစ်လာပြီးနောက်ပိုင်း တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ ထိတွေ့ ဆက်ဆံမှု အားနည်းတယ်လို့ ဝေဖန်ခံရမှုတွေရှိခဲ့ပါတယ်။ ဒါကြောင့်လည်း ထိတွေ့ဆက်ဆံမှု ပိုများလာအောင် သီးခြားတာဝန်ပေးထားတဲ့ အဖွဲ့တစ်ခု ဖွဲ့စည်းဖို့ ဆုံးဖြတ်လိုက်တာလို့ ဒေါက်တာ မျိုးညွန့်က ပြောပါတယ်။

“ဒါကတော့ ကျွန်တော်တို့သွားနေတဲ့ လမ်းကြောင်းမှာ လိုအပ်တဲ့ လုပ်ငန်းတစ်ရပ်ပါပဲ။ အခုလုပ်ဖို့လိုပြီလို့ ယူဆတဲ့အတွက် ဒီအဖွဲ့ကို ဖွဲ့စည်းလိုက်တယ်။ ဖွဲ့စည်းပြီး တိုင်းရင်းသားနိုင်ငံရေးပါတီ အချင်းချင်းကြားမှာ ပိုပြီးနားလည်မှုတွေရလာမယ်။ တူရာတူရာမှာ ပိုပြီးတော့ ပူးပေါင်း ဆောင်ရွက်နိုင်မယ်လို့မြင်ပါတယ်။”

NLD အစိုးရ အာဏာရပြီး ချိန်ကစပြီး တိုင်းရင်းသားပါတီတွေနဲ့ ဆက်ဆံမှုဟာ ပိုဝေးကွာခဲ့တယ်လို့ တိုင်းရင်းသားပါတီတွေက တစ်ညီတစ်ညွတ်တည်းပြောကြပါတယ်။

ပါတီအနေနဲ့ အစိုးရအာဏာ ရကတည်းက ရခိုင်အရေးကိစ္စတွေ တွေ့ဆုံဆွေးနွေးဖို့ ရခိုင်အမျိုးသားပါတီကို ဖိတ်ခေါ်တာမျိုး တစ်ကြိမ်မှ မရှိခဲ့ဘူးလို့ ANP ရဲ့ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က ဆိုပါတယ်။

“၂၀၁၅ မှာ အများဆုံးအနိုင်ရခဲ့တဲ့ ရခိုင်အမျိုးသားပါတီနဲ့ ရောရှမ်းပြည်နယ်က SNLD ပါတီနဲ့ရော NLD က အဆင်ပြေတာကို မတွေ့ရဘူး။ ဒါကြောင့် တိုင်းရင်းသားတွေနဲ့ ဆက်ဆံတဲ့အပေါ်မှာ NLD ပါတီရဲ့ ကိုင်တွယ်မှုတွေဟာ လမ်းကြောင်းတွေ မှားနေပြီလို့ ယူဆတယ်။ အထူးသဖြင့် အပေါ်စီးကနေ သူတို့ ပါတီကြီး မာနနဲ့ ဆက်ဆံနေတာကိုပဲ တွေ့နေရတယ်။”


NLD ပါတီခေါင်းဆောင်တချို့က ညွန့်ပေါင်းအစိုးရတွေ မဟာမိတ်မူဝါဒတွေ မရှိဘူးလို့ ပြီးခဲ့တဲ့ လပိုင်းတွေက ပြောကြားခဲ့တာတွေဟာ တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ ပိုပြီး အလှမ်းဝေးစေတယ်လို့ SNLD ပါတီ တွဲဖက်အတွင်းရေးမှူး ဦးစိုင်းလိတ် သုံးသပ်ပါတယ်။

“၂၀၂၀ မှာ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ရေးကို သွားချင်တယ်ဆိုရင် တိုင်းရင်းသား တွေနဲ့ သဟဇာတမဖြစ်လို့ မရဘူး။ ဒီနိုင်ငံမှာ လူမျိုးတစ်မျိုးတည်း နေထိုင်နေတာ မဟုတ်သလို ပါတီကြီး တစ်ခုကပဲ အမြဲတမ်း အနိုင်ရနေမယ်ဆိုရင် ဒါဟာ တစ်ပါတီအာဏာရှင်စနစ်ရဲ့ လွှမ်မိုးမှုကို ပြန်ရောက် သွားနိုင်တယ်။ ဒါကြောင့် တွေ့ဆုံဆွေးနွေးဖို့ လိုအပ်တယ်။”


အခုလိုဖွဲ့စည်းတာဟာ ငြိမ်းချမ်းရေးနဲ့ နိုင်ငံတကာမှာ ကြုံနေရတဲ့ လက်ရှိနိုင်ငံရေး အခင်းအကျင်းရဲ့ စိန်ခေါ်မှုတွေကို ဝိုင်းဝန်းဖြေရှင်းဖို့ ရည်ရွယ်ဖွဲ့စည်းတာမျိုး ဖြစ်နိုင်သလို တစ်ဖက်မှာလည်း ရွေးကောက်ပွဲ ကာလနဲ့နီးလို့ ၂၀၂၀ ရွေးကောက်ပွဲကို တိုင်းရင်းသားပါတီတွေနဲ့ အတူတူဖြတ်သန်းချင်တဲ့ ရည်ရွယ်ချက်လည်း ရှိနိုင်တယ်လို့ သုံးသပ်မှုတွေလည်းရှိနေပါတယ်။

“အစိုးရဖွဲ့ရာမှာလည်း တိုင်းရင်းသားပါတီတွေ သူလက်တွဲခဲ့တဲ့ သူတွေကို တန်ဖိုးထားမှုတွေ မတွေ့ရပါဘူး။ ဒီတော့ ၂၀၂၀ လည်းပဲအလားတူပဲ ဖြတ်သန်းချင်တဲ့ သဘောတော့ ရှိတာပေါ့လေ။ သူတိုရဲ့ ပြောဆိုချက်တွေကို တောက်လျှောက် ကျွန်တော်တို့ နားထောင်နေတယ်။ မဟာမိတ်တွေ၊ ညွန့်ပေါင်းအစိုးရတွေ လက်တွဲ ဆောင်ရွက်ဖို့တွေ တိုင်းရင်းသားပါတီတွေနဲ့ ညှိနှိုင်းဖို့တွေ တခြား ဘာမှမရှိဘူးလို့ သူတို့ပြောခဲ့တယ်။ အခုကျမှ သူတို့ အဲလိုပုံစံမျိုး ရှိနေတယ်ဆိုတော့ ဘာပဲဖြစ်ဖြစ် အချိန်တော့ ရှိသေးတာပေါ့ ”

ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး ဆလိုင်းကျဲအိုဘိထောင် ပြောသွားတာပါ။

တိုင်းရင်းသားပါတီတွေနဲ့ ထိတွေ့ ဆက်ဆံတဲ့နေရာမှာ ကန့်သတ်ချက်တွေ များနေရင် ယုံကြည်မှုတည်ဆောင်ရာမှာ အားနည်းသွားနိုင်တာကြောင့် ကြိုတင်ကန့်သတ်ချက်တွေ မထားသင့်ဘူးလို့ ကချင်ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဒေါက်တာတူးဂျာက သုံးသပ်ပါတယ်။

“ပါတီကြီးတွေအနေနဲ့ တိုင်းရင်းသားအရေး ထည့်စဉ်းစားဖို့ လိုအပ်တယ်။ တိုင်းရင်းသားတွေက ခံစားမှုတွေရှိတယ်။ ဒါကြောင့် တိုင်းရင်းသားပါတီတွေနဲ့ ထိတွေ့ ဆက်ဆံမှုလုပ်မယ် အပြုသဘောဆောင် လုပ်မယ်ဆိုတဲ့ သဘောထားမျိုး ဖြစ်တဲ့အတွက်ကြောင့် ဒါကကောင်းတယ်လို့ မြင်ပါတယ်။ အပြုသဘောဆောင်ပြီး အပေးအယူမျှမျှနဲ့ အပြန်အလှန် နားလည်မှုရှိရှိနဲ့ ဆက်ဆံသွားမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ ”

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းနေရာကို အပေးအယူလုပ်တဲ့ ကိစ္စမျိုးတွေကိုတော့ ဆွေးနွေးမှာ မဟုတ်ဘဲ အနာဂတ်နိုင်ငံရေး လုပ်ငန်းစဉ်တွေ ချမှတ်ဖို့ အဓိက ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ ဒေါက်တာမျိုးညွန့်က ဆိုပါတယ်။

NLD က အခုလိုချိန်မှ တိုင်းရင်းသားတွေနဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ ဆောင်ရွက်တာ နောက်ကျတယ်လို့ တိုင်းရင်းသားအရေး၊ နိုင်ငံရေးလေ့လာသူ ဦးမောင်မောင်စိုးက သုံးသပ်ပါတယ်။

“၂၀၂၀ ရွေးကောက်ပွဲ မဲဆန္ဒနယ်နဲ့ ပတ်သက်ပြီး ညှိနှိုင်းမှု ရှိမှာမဟုတ်ဘူးဆိုရင်တော့ တိုင်းရင်းသားတွေနဲ့ ဆွေးနွေးဖို့ ခက်ခဲပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ၂၀၂၀ ရွေးကောက်ပွဲဆိုတာက တိုင်းရင်းသားပါတီတွေ အတွက် လက်တွေ့ကျတဲ့ ပြဿနာ ဖြစ်နေလို့ပါပဲ ”

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ တိုင်းရင်းသားတွေနဲ့ ထိတွေ့ဆက်ဆံမှုရှိတဲ့ ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာ တင်မျိုးဝင်းကို အဖွဲ့ခေါင်းဆောင်အနေနဲ့ ဆောင်ရွက်စေမှာဖြစ်ပြီး အဖွဲ့ရဲ့ ရှေ့လုပ်ငန်းစဉ်တွေနဲ့ အဖွဲ့မှာပါဝင်မယ့် အဖွဲ့ဝင် အရေအတွက်ကိုတော့ အတိအကျမသိရသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။