NLD မှာ အဆင့်မြင့် နိုင်ငံရေးသင်တန်း ဆက်လက်ပို့ချ

NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပါတီဝင်များ အရည်အချင်း မြှင့်တင်ရေး အစီအစဉ်အဖြစ် လုပ်ဆောင်နေတဲ့ အဆင့်မြင့် နိုင်ငံရေးသိပ္ပံ သင်တန်းမှာ ဒီကနေ့ ပါမောက္ခ ဒေါက်တာ ဘရန်ဒန်ဟိုဝဲလ် က “တွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေရှာခြင်း” ခေါင်းစဉ်နဲ့ သင်ကြားပို့ချခဲ့တယ်လို့ သိရပါတယ်။

2011.07.24
nld-training-305 အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ နိုင်ငံရေးသိပ္ပံ သင်တန်း။ (www.nldburma.org)
www.nldburma.org

NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က အခုလို ပြောပြပါတယ်။

ဒီနေ့ပို့ချတဲ့ ဘာသာရပ်က ‘တွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေရှာခြင်း’ ဆိုတဲ့ ဘာသာရပ် ဖြစ်ပါတယ်။ ညနေပိုင်းမှာ သင်တန်းသားအားလုံးကို အုပ်စု ၆ ခု ခွဲပြီး ဘယ်လို ဆွေးနွေးညှိနှိုင်းကြမယ် ဆိုတာကို လက်တွေ့ လေ့ကျင့်ပေးပါတယ်။ သင်တန်းသားတွေ အထူးစိတ်ပါဝင်စားစွာ ပါဝင်ဆွေးနွေးကြတာ တွေ့ရပါတယ်”

သင်တန်းကို ပြည်နယ်နဲ့တိုင်း တခုစီက သင်တန်းသား ၄ ယောက်စီ တက်ရောက်ကြပြီး ‘ဗေဒါ’ အခမဲ့ အဆင့်မြင့် ပညာသင်တန်းကျောင်းက သင်တန်းသား ၂ဝ လည်း တက်ရောက်တဲ့အပြင် တခြား မိတ်ဘက် ပါတီတွေက သင်တန်းသားတွေလည်း တက်ရောက်ခဲ့ကြပါတယ်။ ဒါ့ပြင် နောက်ထပ် လာရောက် သင်ကြားသူတွေလည်း ရှိတဲ့အတွက် စုစုပေါင်း သင်တန်းသား ၉ဝ နီးပါး ရှိတယ်လို့ ဆိုပါတယ်။

ဟောပြော သင်ကြားပို့ချတဲ့ ပုံစံမျိုးမဟုတ်ဘဲ အပြန်အလှန် ဆွေးနွေးတဲ့ ပုံစံနဲ့ သင်ကြားပို့ချရာမှာ သင်တန်းသားတွေကလည်း အပြန်အလှန် မေးမြန်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

အင်္ဂလိပ်ဘာသာနဲ့ ပို့ချမှုကို NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဟန်သာမြင့်နဲ့ ဗေဒါ သင်တန်းကျောင်းက ကိုမျိုးရန်နောင်သိန်းက ဘာသာပြန်ဆို ရှင်းလင်းပြခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။