အန်အယ်လ်ဒီပါတီ နေပြည်တော်ရုံးခွဲ ဖွင့်လှစ်မည်


2019.02.26
nld-new-office-622.jpg ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်ရှိ NLD ရုံးချုပ်ကို မြင်ရစဉ်
Photo: RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက နေပြည်တော်မှာ ပါတီရုံး ဆောက်လုပ်ဖို့အတွက် အကျယ် ၁၆ ဧကရှိတဲ့ မြေနေရာကို ငွေကျပ်သိန်း နှစ်ထောင်ကျော်နဲ့ ဝယ်ယူထားတယ်လို့ သိရပါတယ်။

NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နဲ့ မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဒေါက်တာ ဒေါ်မေဝင်းမြင့် က ပါတီရုံးခွဲ ဖွင့်လှစ်ဖို့အတွက် ပါတီရန်ပုံငွေနဲ့ ငွေကျပ်သိန်းပေါင်း ၂၄၄၅ အကုန်အကျ ခံကာ မြေကွက် ဝယ်ယူထားတဲ့အကြောင်း သတင်းထောက်တွေကို ပြောတာဖြစ်ပါတယ်။

မြေနေရာကို ဘယ်နေရာမှာ ဝယ်ယူထားပြီး ဘယ်တော့ဆောက်လုပ်မလဲဆိုတဲ့ အသေးစိတ်အချက်အလက်ကိုတော့ မပြောကြားခဲ့ပါဘူး။

၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ကိုယ်စားလှယ်အများစုအနိုင်ရပြီး အစိုးရဖွဲ့နိုင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ သမ္မတအပါအဝင် အစိုးရအဖွဲ့ဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လစာချီးမြှင့်ငွေထဲက ၂၅ ရာခိုင်နှုန်းကို ပါတီရန်ပုံငွေအတွက် စုဆောင်းနေတာဖြစ်ပါတယ်။

အဲဒီလိုစုဆောင်းရရှိငွေဟာ ဒီနှစ် ဒီဇင်ဘာလအထိဆိုရင် ကျပ်သန်းပေါင်း ၆ထောင်နီးပါး ရှိမှာဖြစ်တယ်လို့ ပါတီ ဒုတိယဥက္ကဌတစ်ဦးဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင် က ပြောကြားထားပါတယ်။

အဲဒီရန်ပုံငွေတွေထဲကနေ တိုင်းအဆင့်ပါတီရုံးတွေအတွက် ကျပ်သိန်း ၇၀၀၊ မြို့နယ်အဆင့် ပါတီရုံးတွေအတွက် ကျပ်သိန်း ၁၅၀ ထောက်ပံ့မှာဖြစ်တယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပု့ိတာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။