ပုသိမ်မြို့ NLD ရုံး ဗုံးခွဲခံရ

2021.10.29
ပုသိမ်မြို့ NLD ရုံး ဗုံးခွဲခံရ
Photo: CJ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မြို့နယ်ရုံး အောက်တိုဘာလ ၂၉ ရက် ဒီနေ့ မနက်အစော ၃ နာရီခန့်မှာ ဗုံးခွဲခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီရုံးကို စစ်ကောင်စီက ချိတ်ပိတ်ထားတာကြာပြီဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ရုံးထဲမှာရှိတဲ့ ပစ္စည်းတွေနဲ့ တံခါးတွေ ပျက်စီးခဲ့သလို ပေါက်ကွဲမှုမဖြစ်ခင် ည ၁၂ နာရီဝန်းကျင်မှာလည်း မီးလောင်ကျွမ်းခဲ့တယ်လို့ ဆိုပါတယ်။

မီးလောင်မှုနဲ့ ပေါက်ကွဲမှုကို ဘယ်အဖွဲ့ကလုပ်သလဲဆိုတာ တိတိကျကျမသိရသေးပေမယ့် ဖြစ်တဲ့အချိန်တွေ ဟာ စစ်ကောင်စီက အရပ်သားတွေကို အပြင်မထွက်ဖို့ ပိတ်ပင်ထားတဲ့အချိန်ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက မန္တလေးမြို့မှာရှိတဲ့ NLD ရုံးတွေနဲ့ တနင်္သာရီတိုင်း ထားဝယ်မြို့နဲ့ မြိတ်မြို့မှာရှိတဲ့ NLD ပါတီရုံးတွေ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပါတယ်။

အောက်တိုဘာလ ၂၉ ရက် ဒီနေ့မနက်ပိုင်း ရန်ကုန်မြို့ ခရမ်းမြို့နယ်မှာရှိတဲ့ ကရင်ကန်စစ်ဆေးရေးဂိတ် မှာလည်း ပေါက်ကွဲမှုဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သားအချို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“သဲအိတ်တွေနားပေါက်ကွဲတာ၊ အဲမှာရှိတဲ့ အစောင့်တွေ မနက်စာစားနေတဲ့အချိန်ပဲ၊ ထိခိုက်မှုတော့ ရှိနိုင်တယ်၊ သေတာတော့ မကြားမိဘူး” လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

အလားတူ အောက်တိုဘာ ၂၈ ရက် မနေ့ညနေပိုင်းကတည်း မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် သံလျှက်မှော် အနောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး လက်လုပ်ဗုံးနဲ့ အပစ်ခံခဲ့ရပြီး အဆောက်အအုံ အနည်းငယ် ထိခိုက်ပျက်စီးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။