မြန်မာ့လေ့လာရေးအဖွဲ့ ပိုလန်နိုင်ငံသို့ထွက်ခွာ

ဒီမိုကရေစီအသွင် ကူးပြောင်းရေးမှာ ကြုံတွေ့နိုင်တဲ့ အခက်အခဲတွေ ဖြေရှင်းနည်း သင်တန်းကို တက်ရောက်ဖို့အတွက် NLD ပါတီဝင် ၂၀ ကျော် အပါအဝင် အဖွဲ့အစည်း အသီးသီးက လူပုဂ္ဂိုလ် ၅၀ ဟာ ဒီကနေ့ ညနေပိုင်းမှာ မြန်မာနိုင်ငံကနေ ပိုလန်နိုင်ငံကို ထွက်ခွာသွားပါတယ်။

2012.08.31
poland-myanmar-b305 ၂၀၁၂ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့က ပိုလန်နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနမှ စီစဉ်သည့် သင်တန်းတက်ရောက်မည့် လေ့လာရေးအဖွဲ့ဝင်များ ရန်ကုန်လေဆိပ်သို့ ရောက်ရှိနေစဉ်။
RFA

ဒီသင်တန်း တက်ရောက်မယ့် သူတွေကို ပိုလန် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ NLD ပါတီနဲ့ မင်္ဂလာမြန်မာ အဖွဲ့တို့က ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

ဒီသင်တန်းဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ စနစ်သစ်အတွက် အင်မတန် အထောက်အကူ ပြုလိမ့်မယ်လို့ NLD ပြန်ကြားရေး တာဝန်ခံ ဦးကြည်တိုးက RFA ကိုပြောပါတယ်။

"ဒီသင်တန်းက ကျွန်တော်တို့ မြန်မာနိုင်ငံ လက်ရှိတွေ့ကြုံနေရတဲ့ Transition period မှာ ရင်ဆိုင် ဖြေရှင်းရမဲ့ဟာတွေကို တည်ဆောက်ရေး လုပ်ငန်းတွေမှာ ပါဝင်မဲ့ လူကြီး၊ လူငယ်တွေ အားလုံး၊ state holder တွေ အားလုံးအတွက် သီအိုရီ အပိုင်းအရရော လက်တွေ့အပိုင်းအရရော လေ့ကျင့်ပေးတဲ့၊ အချိန်ကာလ တိုတောင်းပေမဲ့ ထိရောက်မဲ့ သင်တန်းမျိုး ဖြစ်ပါတယ်။ ဒီသင်တန်းကို တက်ရောက်ပြီး ပြန်လာမဲ့ ဒီသင်တန်းသားတွေ အနေနဲ့လည်း မြန်မာ့ ဒီမိုကရေစီ ဖော်ဆောင်ရေးမှာ ထိထိရောက်ရောက် ပိုဆောင်ရွက်နိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်"

ဒီသင်တန်းကို ပိုလန် နိုင်ငံခြားရေး ဝန်ကြီးဌာနက စီစဉ်တာဖြစ်ပြီး ဝါဆောမြို့တော်က KSAP အမျိုးသား ပြည်သူ့အုပ်ချုပ်ရေး ပညာသင်ကျောင်းမှာ စက်တင်ဘာ ၃ ရက်နေ့ကနေ ၇ ရက်နေ့ထိ ၄ ရက်ကြာ သင်ကြားပို့ချမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီကနေ့ ပိုလန်နိုင်ငံကို ထွက်ခွာသွားသူတွေထဲမှာ NLD ပါတီဝင်တွေအပြင် တိုင်းရင်းသား ပါတီတွေက ခေါင်းဆောင်တွေ၊ သတင်းထောက် တချို့နဲ့ အတူ အနဂ္ဂ၊ သံသာဝင်းစတဲ့ အဆိုတော်တွေလည်း ပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။