နေပြည်တော် NLD အမတ် ဦးသန့်ဇင်ထွန်း ထောင်သုံးနှစ်ချခံရ

နေပြည်တော် ဒက္ခိဏသိရီမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်းကို ရာဇတ်ကြီးပုဒ်မ ၅၀၅ (က)နဲ့ ထောင်သုံးနှစ် ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
နေပြည်တော် အချုပ်ထောင်တွင်း တရားရုံးမှာ ဇန်နဝါရီ ၂၀ ရက် ဒီနေ့ အမိန့်ချမှတ်ခံရတာ ဖြစ်ပြီး ပုဒ်မ ၅၀၅ (က) ရဲ့ အမြင့်ဆုံး ပြစ်ဒဏ်ဖြစ်ပါတယ်။။
အခုအမိန့်ချမှတ်ခံရတဲ့ အမှုက အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ဝင်တဲ့ ဝန်ထမ်းတွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အရေးယူခံထားရတဲ့ အမှုဖြစ်ပြီး အမိန့်ချမှတ်ခံရတဲ့ စီရင်ချက် အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
ဦးသန့်ဇင်ထွန်းဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် မတ်လ ၁ ရက်နေ့မှာ အဖမ်း ခံခဲ့ရတာဖြစ်ပြီး သူ့အမှုတွေကို နေပြည်တော် အချုပ်ထောင်တွင်းတရားရုံးမှာ အပတ်စဉ် ကြာသပတေးနေ့တိုင်း စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။
ရာဇသတ်ကြီးဥပဒေပုဒ်မ- ၅၀၅ (က) ဟာ ပြည်ထောင်စုအစိုးရရဲ့ ကြည်း၊ ရေ၊ လေတပ်က အရာရှိ ဒါမှမဟုတ် တပ်သားကို စစ်ပုန်ကန်အောင်၊ တာဝန်ဝတ္တရားကို မလေးစား ပျက်ကွက်အောင် ပြုလုပ်မှုအတွက် ပြဌာန်းထားတဲ့ ပုဒ်မဖြစ်ပြီး မူလက အမြင့်ဆုံး ထောင်ဒဏ် နှစ်နှစ်အထိ ချမှတ်နိုင်တာပါ။။
ဒါပေမဲ့ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီက အဲဒီပုဒ်မကို ထောင်ဒဏ် သုံးနှစ်အထိ တိုးမြှင့် ပြင်ဆင်ထားပါတယ်။
နေပြည်တော် NLD ဥက္ကဋ္ဌ ဦးမင်းသူကိုလည်း ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က) နဲ့ပဲ နေပြည်တော် အချုပ်ထောင်တွင်း တရားရုံးက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၂ ရက်က ထောင်ဒဏ် နှစ်နှစ် ချမှတ်ခဲ့ပါတယ်။