မကွေးတိုင်းက NLD ပါတီဝင်တစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရ
2022.12.05

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ဦးဝင်းဌေးဟာ မနေ့က ဖမ်းဆီးခံခဲ့ရပြီး ဒီဇင်ဘာလ ၅ ရက်၊ ဒီနေ့မှာ သေဆုံးလျက် ပြန်တွေ့ခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
NLD ပါတီဝင် ဦးဝင်းဌေးနဲ့ မိသားစုဝင်တွေကို ဒီဇင်ဘာလ ၄ ရက် မနေ့ညနေ ၅ နာရီ ဝန်းကျင်က သစ်ချိုကုန်းရွာအဝင်မှာ အရပ်ဝတ်နဲ့ လူခြောက်ဦးက တားဆီးခဲ့ပြီး ဦးဝင်းဌေးကို ဖမ်းဆီးသွားတာလို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
"သစ်ချိုကုန်းရွာအဝင်မှာ သူတို့ကို သေနတ်တွေနဲ့ထောက်ပြီး လုံးဝခေါင်းမမော့နဲ့ ငုံ့ထားဆိုပြီး ဦးဝင်းဌေးကို ဖမ်းဆီးလိုက်တယ်။ ကျန်တဲ့ မိသားစုနဲ့ ဒရိုင်ဘာကို ပြန်လွှတ်လိုက်တယ်။ မနက်မိုးလင်းလို့ ရဲစခန်းကို စုံစမ်းတဲ့အခါ မဖမ်းဘူးလို့ အကြောင်းပြန်တယ်။ ဒီနေ့ မနက် ၁၁ နာရီလောက်မှာ ကျောင်းကုန်းကြီးရွာ မြောက်ဘက်တောထဲမှာ သတ်ဖြတ်ထားတာကို တွေ့ရတယ်"
ဖမ်းဆီးခံရတဲ့နေရာနဲ့ နှစ်မိုင်ခန့်အကွာက တောထဲမှာ လည်ပင်း ပြတ်ရှဒဏ်ရာနဲ့ သေဆုံးနေတဲ့ ဦးဝင်းဌေးရဲ့ ရုပ်အလောင်းကို ဒီနေ့ ပြန်တွေခဲ့တာလို့ ပြောပါတယ်။
အသက် ၄၀ ဝန်းကျင်ရှိတဲ့ ဦးဝင်းဌေးဟာ ၂၀၁၂ ခုနှစ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို ဝင်ရောက်လာခဲ့သူဖြစ်ပြီး ၂၀၁၅ ခုနှစ်နဲ့ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ အောင်နိုင်ရေးမှာ ပါဝင်ခဲ့ပါတယ်။
ဦးဝင်းဌေးကို ဖမ်းဆီးသတ်ဖြတ်သူတွေဟာ ကျောင်းကုန်းကြီးရွာက ပျုစောထီးအဖွဲ့ဝင်တွေ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။