ကြားဖြတ်အတွက် NLD ကိုယ်စားလှယ်လောင်းစာရင်း ထုတ်ပြန်
2016.11.26

လာမယ့် ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၈ ဦး အမည်စာရင်းကို ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
အရင်က ချမှတ်ခဲ့တဲ့ ကိုယ်စားလှယ်လောင်း ရွေးချယ်ရေးမူတွေနဲ့ မရွေးချယ်ဘဲ နိုင်ငံရေးအရည်အချင်း ရှိသူတွေကို ဦးစားပေး ရွေးချယ်ခဲ့တာဖြစ်တယ်လို့ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် က ပြောပါတယ်။
"၂ဝ၁၅ တုန်းကတော့ သိတဲ့အတိုင်းပဲ အမျိုးသမီးရယ်၊ လူငယ်ရယ်၊ တိုင်းရင်းသားရယ်၊ အခုကျတော့ ရွေး ထားတဲ့လူတွေထဲက တချို့က နိုင်ငံရေးအရည်အချင်း မရှိဘူး၊ မရင့်ကျက်ဘူး ထင်ရာပြော ထင်ရာလုပ် စည်းကမ်းဖောက်၊ အဲဒီတော့ အခုကကျတော့ နိုင်ငံရေးအရည်အချင်းရှိတဲ့လူကို ဦးစားပေးရမယ့် အတွက်ကြောင့်မို့လို့ အရင်ကရွေးတဲ့စနစ်နဲ့တော့ နည်းနည်းကွာတယ်"
လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာထဲက စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဒေါက်တာအောင်သူရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၆) နေရာအတွက် ထုတ်ပြန်ဖို့ ကျန်နေတာဖြစ်ပါတယ်။ အဲဒီနေရာအတွက် ကိုယ်စားလှယ်လောင်းကို စိစစ်နေဆဲဖြစ်ပြီး ထပ်မံထုတ်ပြန်ပေး သွားမယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။
လစ်လပ်မဲဆန္ဒနယ်တွေထဲက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ ကော့မှူး မြို့နယ် ပြည်သူ့လွှတ်တော်နေရာမှာ စာရေးဆရာ မြောင်းမြဘဆွေရဲ့ သားဖြစ်သူ ဦးကျော်ဆွေဝင်းက ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
အန်အယ်လ်ဒီပါတီက ထုတ်ပြန်တဲ့ ကိုယ်စားလှယ်လောင်း ၁၈ ဦးထဲမှာ အမျိုးသမီး ကိုယ်စားလှယ်လောင်း ၂ ဦး ပါဝင်ပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို လာမယ့် နိုဝင်ဘာလ ၂၈ ရက်နေ့ကနေ ဒီဇင်ဘာလ ၇ ရက်နေ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ထံ နောက်ဆုံးထားတင်သွင်းရမှာဖြစ်ပါတယ်။