မဲဆွယ်စည်းရုံးခရီးစဉ် ခဲပေါက်ခံရမှု NLD ကိုယ်စားလှယ်လောင်း အမှုဖွင့်
2015.09.25

မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ် ဂွေးကုန်းကျေးရွာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်သီတာငြိမ်း မဲဆွယ်စည်းရုံး ဟောပြောစဉ်မှာ ခဲနဲ့ပစ်ပေါက်ခံရတဲ့အတွက် တရားခံကို စုံစမ်းဖော်ထုတ်ပေးဖို့ ရဲစခန်းမှာ အမူဖွင့်တိုင်ကြားထားတယ်လို့ ပြောပါတယ်။
ဂွေးကုန်းကျေးရွာ အုပ်စုပါဝင်တဲ့ မလှိုင်မြို့နယ် ဆည်တိုကျေးရွာ ရဲစခန်းမှူးက အမူဖွင့်ချက်ကို ဒီနေ့ လက်ခံလိုက် တယ်လို့ ခဲနဲ့ပစ်ပေါက်ခံခဲ့ရတဲ့ တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၂ လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်သီတာ ငြိမ်းချမ်းက ပြောပါတယ်။
"ဒုရဲအုပ် အေးလွင်ကနေပြီးတော့ အစ်မရဲ့ အဲ့ဒီ ၂၃ ရက်နေ့ကဖြစ်စဉ်ပေါ့ အဲ့ဒါကိုမေးတယ်၊ မေးတော့ အစ်မကပြောတယ်၊ အစ်မပြောတဲ့အတိုင်းလေးပဲ သူကရေးတယ်ပေါ့၊ ဘယ်အချိန်မှာ ဟောပြောပွဲစတယ်၊ အစ်မပြောနေတဲ့အချိန်မှာ ခဲနဲ့ထုတယ်၊ ဗီနိုင်းမှာ ဘယ်နှစ်လက်မ ပေါက်သွားတယ်ဆိုတာ အဲ့ဒီလက်မတွေပါ အဲ့ဒါတွေရေးမှတ်ထားတယ်ပေါ့၊ ရေးမှတ်ထားပြီးတော့ သူကွန်ပျူတာစာစီစာရိုက်လုပ်ပြီးတော့ အစ်မက အမှုတွဲတင်တာပေါ့၊ ရဲစခန်းမှာ အမှုဖွင့်တယ်ပေါ့၊ အမှုဖွင့်တာကို သူလက်ခံတယ်ဆိုပြီးတော့ အဲ့ဒါကို သူလိုက်တယ်"
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၃ ရက်နေ့ ညနေပိုင်းက ဂွေးကုန်းကျေးရွာမှာ မဲဆွယ်စည်းရုံးဟောပြောစဉ် ခဲနဲ့ ပစ်ပေါက်ခံခဲ့ရတာဖြစ်ပြီး ထိခိုက်ဒဏ်ရာရမူမရှိခဲ့ပေမယ့် မဲဆွယ်စည်းရုံးရေးကားမှာ ကပ်ထားတဲ့ ဗီနိုင်းပိုစတာ စုတ်ပြဲသွားတယ်လို့ ပြောပါတယ်။
အလားတူ စက်တင်ဘာလ ၁၇ ရက်နေ့ ညပိုင်းက မလှိုင်မြို့နယ် ကံသစ်ရွာမှာ NLD ပါတီ မဲဆွယ်စည်းရုံးစဉ် မှာလည်း ခဲနဲ့ပစ်ပေါက်ခံခဲ့ရပြီး အဲ့ဒီအမူကိုပါ တိုင်ကြားထားတယ်လို့သိရပါတယ်။
ဒီအတောအတွင်း စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အတွက် ယှဉ်ပြိုင်မယ့် NLD ပါတီ ကိုယ်စားလှယ်လောင်း ဦးဝင်းသိန်းဇော်ရဲ့ စက်တင်ဘာလ ၂၂ ရက်နေ့က မဲဆွယ်စည်းရုံးပွဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်တစ်ယောက်က နှောက်ယှက်တဲ့အတွက် ရဲစခန်းမှာ ဒီနေ့အမှုဖွင့် တိုင်တန်းလိုက်ပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်လို့ NLD ဆားလင်းကြီးမြို့နယ် အောင်နိုင်ရေးကော်မတီ ပြောခွင့်ရသူ ဦးကိုကိုနိုင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။