ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်စည်းရုံး မပေးနိုင်တဲ့အတွက် NLD ပါတီ အားလျော့နိုင်
2017.01.03

လာမယ့်ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လို့မရတာကြောင့် ပါတီအတွက် အားလျော့သွားတယ်လို့ ပါတီရဲ့ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် က ပြောပါတယ်။
ဒီနေ့ နေပြည်တော်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှာ နိုင်ငံရေးပါတီ ၂၃ ပါတီ၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေနဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေ တွေ့ဆုံပွဲအပြီးမှာ ဦးဝင်းထိန် က သတင်းထောက်တွေကို ပြောတာဖြစ်ပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ သမ္မတရုံးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး တာဝန်တွေယူထားတဲ့အတွက် အခြေခံဥပဒေအရ မဲဆွယ်စည်းရုံးခွင့်မရှိ တာဖြစ်ပါတယ်။
လာမယ့် ဧပြီ ၁ရက်မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်း/ပြည်နယ်လွှတ်တော် စုစုပေါင်း လစ်လပ်နေရာ ၁၉ နေရာအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၁၈ နေရာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
ကယားပြည်နယ် ဖရူဆိုမဲဆန္ဒနယ် အမှတ်(၁) နေရာအတွက် ကိုယ်စားလှယ်လောင်းအမည်စာရင်းကို ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်ထံ သတ်မှတ်ချိန်အတွင်း မပေးပို့နိုင်ခဲ့တာကြောင့် အဲဒီနေရာမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရခဲ့တာဖြစ်ပါတယ်။