လစ်လပ်နေရာအားလုံးမှာ NLD ပါတီ ဝင်ရောက်ယှဉ်ပြိုင်မည်
2018.05.26

လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လစ်လပ်မဲဆန္ဒနယ်အားလုံးမှာ ဝင်ရောက် ယှဉ်ပြိုင်မယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က ဒီနေ့ ပြောပါတယ်။
နေပြည်တော် စည်ပင်ရိပ်သာ အစည်းအဝေးခန်းမမှာ ဒီကနေ့ ကျင်းပတဲ့ ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအပြီးမှာ ဒေါက်တာ မျိုးညွန့်က ပြောတာဖြစ်ပါတယ်။
"ရွေးကောက်ပွဲကတော့ နေရာတိုင်းမှာ ကျနော်တို့ ဝင်ရောက်ယှဉ်ပြိုင်မှာပါ၊ အဲဒီတော့ ကျနော်တို့ ကိုယ်စား လှယ်ရွေးချယ်ရေးအတွက် လုပ်ငန်းစဉ်တွေကို ကျနော်တို့ အသေးစိပ်ဆွေးနွေးပြီးပြီ၊ ကျနော်တို့ကတော့ ပြိုင်ပြီဆိုမှတော့ အားလုံးကိုနိုင်မယ်လို့ ကျနော်တို့ မျှော်လင့်ချက်နဲ့ပြိုင်တာပါ"
လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို အမျိုးသမီး၊ တိုင်းရင်းသားနဲ့ လူငယ်တွေ ဦးစားပေးရွေးချယ်မှာဖြစ်ပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကသာ ရွေးကောက်ပွဲ အောင်နိုင်ရေး ဆောင်ရွက်မယ်လို့လည်း ပြောပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲကို ပြည်သူ့လွှတ်တော် လေးနေရာ၊ အမျိုးသားလွှတ်တော် တစ်နေရာနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် ၈ နေရာ စုစုပေါင်း လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာမှာ ကျင်းပမှာဖြစ်ပြီး ရွေးကောက်ပွဲအတွက် ငွေကျပ်သန်း ၁၆ဝဝ ဘတ်ဂျက်ရရှိထားပါတယ်။
ဒီနေ့ ပါတီအစည်းအဝေးမှာ လာမယ့် ဇွန်လအတွင်း ပါတီညီလာခံကျင်းပမယ့်ကိစ္စ ဆွေးနွေးခဲ့သလို ပါတီမှာ လစ်လပ်နေတဲ့ ဗဟိုအလုပ်အမှုဆောင် ရွေးချယ်ရေးကိစ္စကိုလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ရာထူးကနေ နုတ်ထွက်သွားတဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းနဲ့ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းရာမှာ အဲဒီကိစ္စကို အစိုးရအဖွဲ့ကသာ လုပ်ဆောင်တာဖြစ်ပြီး ပါတီအနေနဲ့ ပြောစရာမရှိဘူးလို့ ဒေါက်တာ မျိုးညွှန့်က ပြောပါတယ်။