NLD ၂၃ နှစ်ပြည့် အခမ်းအနားမှာ စည်းလုံးညီညွတ်ဖို့ ဒေါ်အောင်ဆန်းစုကြည် မှာကြား

ဒီမိုကရေစီ ရရရှိရေးအတွက် ဆုပ်ကိုင်ထားတဲ့ မူတွေအပေါ်မှာ ရပ်တည်ပြီး ပျော့ပျော့ပျောင်းပျောင်းနဲ့ ဆက်လက် လုပ်ဆောင် သွားမယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောကြား လိုက်ပါတယ်။

2011.09.27
nld-23rd ရန်ကုန်မြို့ ဗဟန်း၊ ရွှေဂုံတိုင်လမ်းမှာရှိတဲ့ NLD အမျိုးသားဒီမိုကရေစီ အဖွဲချုပ်ရုံး အစည်းအဝေး ခန်းမမှာ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့က ကျင်းပတဲ့ NLD ထူထောင်တဲ့ ၂၃ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနား မြင်ကွင်း။
Photo: RFA

 

ရန်ကုန်မြို့ ဗဟန်း၊ ရွှေဂုံတိုင်လမ်းမှာရှိတဲ့ NLD အမျိုးသားဒီမိုကရေစီ အဖွဲချုပ်ရုံး အစည်းအဝေး ခန်းမမှာ ကျင်းပတဲ့ NLD ထူထောင်တဲ့ ၂၃ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားမှာ ခုလို ပြောကြားတာ ဖြစ်ပါတယ်။ အတိတ်က ဖြစ်ရပ်တွေကို သင်ခန်းစာ ယူရမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

 

“ကျမတို့ဟာ အခု ပစ္စုပ္ပန်မှာ ရောက်နေတဲ့ အခါမှာ အတိတ်ကို မှန်မှန်ကန်ကန် ရဲရဲဝံ့ဝံ့နဲ့ ပြန်ပြီး ကြည့်နိုင်ရမယ်။ အတိတ်ရဲ့ အဖြစ်အပျက်တွေကို သင်္ခန်းစာယူရမယ်။ ပစ္စုပ္ပန်နဲ့ အနာဂါတ်အတွက် အကျိုးရှိအောင် တချိန်တည်းမှာလည်း ကျမတို့ဟာ အတိတ်ရဲ့ ချုပ်နှောင်မှုကို မခံရအောင်လို့လည်း နေနိုင်ရမယ်။ ဒါမှပဲ ကျမတို့ ပစ္စုပ္ပန်မှာ မှန်မှန်ကန်ကန်နဲ့ ဆက်ပြီး သွားနိုင်မှာ ဖြစ်ပါတယ်”

 

အခမ်းအနားမှာ သဘာပတိ NLD ဒုတိယဥက္ကဌ ဦးတင်ဦးနဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင် တို့လည်း အမှာစကား ပြောကြားတယ်လို့ ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။

 

“သဘာပတိက အဖွင့်မိန့်ခွန်းပြောတဲ့ နေရာမှာ အခုအခါမှာ မြန်မာနိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမယ့် အလားအလာကောင်းတွေ တွေ့နေရပြီ ဖြစ်တယ်။ တကယ့်ခက်ထန်တဲ့ ခရီးရှည်ကြီးကို ချီတက်ခဲ့ကြပြီး ဖြစ်လို့ အတွေ့အကြုံတွေ ရရှိထားပြီး ဖြစ်တယ်။ အခုအချိန်မှာလည်း အဖွဲ့ချုပ် ရည်မှန်းတဲ့ ပန်းတိုင်ကို ရောက်ဖို့ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုကို မမှိတ်မသုံ ခံယူပြီးတော့ အောင်ပွဲရတဲ့ အထိ တညီတညွတ်တည်း ဆက်လက် ချီတက်ကြပါလို့ ပြောပါတယ်။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဆရာဦးဝင်းတင်ရဲ့ မိန့်ခွန်းအဓိက အနှစ်သာရကတော့ ညီညီညွတ်ညွတ်နဲ့ အောင်ပွဲရတဲ့ အထိ ချီတက်ကြဖို့ တိုက်တွန်းတာပါပဲ ”

 

အခမ်းအနားမှာ ဒီမိုကရေစီ ချစ်မြတ်နိုးသူ လူငယ်တစ်ဦးက NLD ခေါင်းဆောင်တွေကို ဂုဏ်ပြု လက်ဆောင် ပေးအပ်ပြီး စမ်းချောင်းမြို့နယ် လူငယ်အဖွဲ့က NLD ကို ဂုဏ်ပြုတဲ့ ၂၃ နှစ်တာ ကာလအတွင်း ဖြတ်သန်း ခဲ့ရတဲ့ အခြေအနေတွေကို စပ်ဆိုထားတဲ့ သီချင်း သံစဉ်ချည်းသက်သက် နဲ့ တေးသီးချင်းတွေ ဖျော်ဖြေပါတယ်။

 

ဂီတဝိုင်းတော်သားတွေကို ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင် စကားပြောရင်း သီချင်းတစ်ပုဒ်ရဲ့ စွမ်းအားဟာ မိန့်ခွန်း ၁၀ ခု ပြောသလောက် ထိရောက်တယ်လို့လည်း ပြောပါတယ်။

 

အခမ်းအနားကို NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေ၊ CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီဝင်တွေ၊ ဝါရင့်နိုင်ငံရေးသမားတွေ၊ သံတမန်တွေ၊ တိုင်းရင်းသား နိုင်ငံရေးပါတီတချို့က ခေါင်းဆောင်တွေ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ၊ ပြည်နယ်နဲ့တိုင်းက NLD စည်းရုံးရေးအဖွဲ့ဝင်တွေ စုစုပေါင်း တထောင့်ငါးရာလောက် တက်ရောက်တယ်လို့ သိရပါတယ်။

 

သခင်သိန်းဖေနဲ့ဝါရင့်နိုင်ငံရေးသမားကြီးတွေ။ တသီးပုဂ္ဂလက ဦးတင့်ဆန်းနဲ့ ဓနရှေ့ဆောင် ပရဟိတအဖွဲ့ ကလည်း သဝဏ်လွှာတွေပေးပို့တယ် လို့လည်း ဦးအုန်းကြိုင်က ပြောပါတယ်။

 

အလားတူ အခမ်းးအနားတွေကို မန္တလေးနဲ့ တောင်ကြီးမြို့က NLD ရုံးတွေမှာ ကျင်းပသလို မကွေးနဲ့ ကျောက်ပန်းတောင်းမြို့တွေက ရုံးတွေမှာလည်း အနီးဝန်းကျင်က မြို့နယ်တွေစုဝေးပြီး အခမ်းအနားတွေ ပြုလုပ်ခဲ့ကြ ပါတယ်။

 

ဒီကနေ့ NLD ရုံးချုပ်မှာ ပြုလုပ်တဲ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် ပြောကြားတဲ့ မိန့်ခွန်းကို ဒေါ်စန်းစန်းတင်က တင်ပြပါမယ်။

 

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

 

တဆက်တည်း အခမ်းအနားမှာ NLD ဒုတိယဥက္ကဌ ဦးတင်ဦးနဲ့ ပါတီ ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်တို့ရဲ့ ပြောကြားချက်တွေကိုတော့ ကိုနေရိန်ကျော်က တင်ပြပေးပါမယ်။

 

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။