အတိုးမဲ့ ချေးငွေတွေ NLD ကထပ်မံထုတ်ပေး
2011.08.31

(Photo: AFP)
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြံပေးချက် အရ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက စတင်ပြီး ရန်ကုန်တိုင်း တာမွေမြို့နယ် ရာပြည့်ဈေးက လက်လုပ် လက်စား ဈေးသည်တွေကို တစ်ဦးလျင် ကျပ် ၂ သောင်းနှုန်း အတိုးမဲ့ ငွေထုတ်ချေးခဲ့တဲ့ အစီအစဉ်ကို ဆက်လက် အကောင်အထည် ဖော်တဲ့ အနေနဲ့ အခုလို ချေးငွေတွေ ထုတ်ပေးခဲ့တာ ဖြစ်ကြောင်း NLD ဗဟို အမျိုးသမီးအဖွဲ့ ခေါင်းဆောင်တဦး ဖြစ်တဲ့ ဒေါက်တာမေဝင်းမြင့်က ပြောပါတယ်။
"နောက်တလအတွက် ထပ်ချေးတာပေါ့နော်။ သူတို့က စုငွေပါ စုချင်တယ်ဆိုလို့ တရက်ကို ၇၀၀ ပြန်သိမ်းနေတဲ့ဟာကို အခု သူတို့က ၁၀၀၀ ပေးတယ်။ အဲဒီ ပိုတဲ့ ပိုက်ဆံကို နောက်လ ၂ သောင်းထပ်ပေးတဲ့အခါမှာ အဲဒါ တခါထဲ ထပ်ပေးလိုက်တယ်။ သူတို့ စုငွေ ဖြစ်သွားတာပေါ့။ ဒီနေ့တော့ ၅၀ ပဲ ပေးလိုက်တယ်။"
ဒီအတောအတွင်းမှာပဲ NLD အဖွဲ့ဝင်တွေရဲ့ အသက်မွေးဝမ်းကျောင်း တိုးတက်ရေး အစီအစဉ်တခု အဖြစ် ရွှေဂုံတိုင်လမ်းရှိ အမျိုးသား ဒီမိုကရေစီအ ဖွဲ့ချုပ်ရုံးမှာ အစားအသောက် စီမံခန့်ခွဲရေး သင်တန်းကို ပြီးခဲ့တဲ့ သီတင်းပါတ် စနေ တနင်္ဂနွေက စတင် သင်ကြား ပို့ချပေးနေကြောင်းလည်း ဒေါက်တာ မေဝင်းမြင့်က ပြောပါတယ်။
"ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညွှန်ကြားချက်နဲ့ NLD မှာရှိတဲ့ အမျိုးသမီးရော အမျိုးသားတွေပါ အသက်မွေးဝမ်းကျောင်း ပညာတစ်ခုကို တတ်သင့်တယ်ပေါ့။ ဒါကလည်း သာမန် ချက်တာမဟုတ်ပဲနဲ့ ဟိုတယ်တွေမှာ ချက်တဲ့ ပုံစံမျိုးပေါ့။ သက်မွေးဝမ်းကျောင်းအတွက် သူတို့ နိုင်ငံခြား သင်္ဘော လိုက်မယ်ဆိုရင်လည်း Cook အနေနဲ့ လိုက်လို့ ရတယ်။ ပြည်တွင်းမှာ အသုံးပြုနိုင်တယ်ဆိုပြီး ဒီသင်တန်းကို ပို့ချခိုင်းတဲ့အတွက် အခု နှစ်ပါတ်ရှိသွားပြီပေါ့။"
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် ၃ ဦးက ရန်ကုန်မြို့က အချက်အပြုတ် ပညာရှင် MR. COOK ဆီမှာ တစ်ပါတ် ၅ ရက် တက်ရောက် သင်ယူခဲ့ပြီးနောက် အဖွဲ့ဝင်တွေကို ပြန်လည် သင်ကြားပြသနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။