ရန်ကုန်က လူငယ်ကိုးဦး သေဒဏ်ချမှတ်ခံရ

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာ၊ ဒေါပုံနဲ့ အင်းစိန်မြို့နယ်တွေက လူငယ် ကိုးယောက်ကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၄ အရ သေဒဏ်ချမှတ်လိုက်တယ်လို့ စစ်ကောင်စီက မတ်လ ၃၁ ရက် ဒီကနေ့ညပိုင်းမှာ ကြေညာပါတယ်။
သူတို့တွေဟာ နိုင်ငံပိုင် အဆောက်အဦးတွေကို ဖျက်ဆီးခဲ့တယ်၊ လက်နက်ငယ်၊ လက်လုပ်မိုင်းတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့တယ်၊ အကြမ်းဖက် လုပ်ရပ်တွေကို ကျူးလွန်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ ကြေညာချက်မှာ စွပ်စွဲထားပါတယ်။
သေဒဏ်ချမှတ်ခံရသူတွေကတော့ ... မဆုဝေနှင်း၊ ဆုမြတ်သွယ်၊ ကိုခိုင်မင်းထွန်း (ခ)နေမင်း၊ ကိုဉာဏ်ဟိန်းထက်(ခ) ကိုထက်၊ ကိုပြည့်ဖြိုးသူ(ခ) ကိုစိုင်း၊ ကိုရဲရင့်ဖြိုး(ခ)ပီတာပို၊ ကိုဝေမိုးနိုင်(ခ)ဝင်းလွင်ဦး၊ ကိုသန်းဇော်(ခ)ဝတုတ်နဲ့ ကိုလတ်တို့ ဖြစ်ပါတယ်။
သေဒဏ်ချမှတ်နေတာတွေကို ရပ်တန့်ဖို့ နိုင်ငံတကာက တောင်းဆိုနေပေမယ့် စစ်ကောင်စီဘက်ကတော့ ဖမ်းဆီးခံ လူငယ်တွေကို သေဒဏ်နဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နေတာပါ။
RFA က ပြုစုထားတဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် ရက်ပေါင်း ၄၀၀ ကျော်အတွင်း သေဒဏ်ချမှတ်ခံထားရသူ အနည်းဆုံး အယောက် ၁၁၀ ကျော် ရှိပါတယ်။
ထောင်ဒဏ် တစ်သက်အပါအဝင် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရသူက အယောက် ၇၀ ကျော်ပါတယ်။
ပြစ်ဒဏ်ချခံထားရသူအများစုဟာ တက္ကသိုလ်ကျောင်းသားတွေဖြစ်ပြီး အသက် ၂၃ နှစ်ကနေ ၂၇ နှစ်ကြား လူငယ်တွေ ဖြစ်ကြပါတယ်။
အာဏာသိမ်း စစ်ကောင်စီဟာ ဖမ်းဆီးရမိတဲ့ လူငယ်တွေကို မတရားအသင်း ဆက်သွယ်မှုအက်ဥပဒေ၊ လက်နက်အက်ဥပဒေ၊ လူ သတ်မှု၊ မုဒိမ်းမှု၊လုယက်မှု၊ ဓားပြမှု၊ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေ၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က) စတဲ့ စွပ်စွဲချက် ပုဒ်မ အမျိုးမျိုးတပ်ပြီး နှစ်ရှည်ထောင်ဒဏ်တွေ သေဒဏ်တွေ ချမှတ်နေတာဖြစ်ပါတယ်။