အသွင်ကူးပြောင်းရေး အခြေခံဥပဒေ ရေးဆွဲနေကြောင်း တော်လှန်ရေးအင်အားစုတွေ ပြော
2025.02.12

လက်ရှိ တော်လှန်ရေးကာလက စတင်ပြီး အသွင်ကူးပြောင်းရေးကာလအထိ အုပ်ချုပ်ရေးစာတမ်းအဖြစ် ကျင့်သုံးဖို့အတွက် “ဖက်ဒရယ် အသွင်ကူးပြောင်းရေး အစီအမံဆိုင်ရာ အခြေခံဥပဒေ” ကို စတင်ရေးဆွဲနေပြီလို့ တိုင်းရင်းသား လက်နက်ကိုင်နဲ့ အရပ်ဘက်အဖွဲ့ ကိုးဖွဲ့က ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
တော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့ ကြားကာလ (တော်လှန်ရေးကာလ) ကစတင်ပြီး အနာဂတ် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးမှာ ဗဟိုအခြေပြု ဖက်ဒရယ်စနစ်ကို လက်ခံကျင့်သုံးမှာ မဟုတ်ဘဲ“ ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး” အခြေခံချဉ်းကပ်မှုနဲ့ တိုင်းပြည်ကို ပြန်လည်တည်ဆောက်မယ်လို့ ဆိုပါတယ်။
ဗဟိုချုပ်ကိုင်မှုစနစ်ဟာ အစိုးရအဆက်ဆက်ရဲ့ နှစ် ၂၀ ကျော်တည်ရှိနေတဲ့ နိုင်ငံရေးပြဿနာတွေကို မဖြေရှင်းနိုင်ဘဲ နောက်ဆက်တွဲ ပိုပြီးရှုပ်ထွေးတဲ့ ထပ်ဆင့်ပြဿနာတွေကို ဖြစ်ပေါ်စေတယ်လို့ ဖော်ပြပါတယ်။
အခုထုတ်ပြန်ချက်ကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်ဆန့်ကျင်ရေး) (NMSP-AD)၊ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC)၊ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC)၊ မွန်ပြည်နယ် ဖက်ဒရယ်ကောင်စီ (MSFC)၊ တအာင်းနိုင်ငံရေး အတိုင်ပင်ခံကော်မတီ (TPCC)၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) – WLB အဖွဲ့တို့က ပူးပေါင်းထုတ်ပြန်တာ ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် KNU၊ KNPP၊ CNF အဖွဲ့တို့ ပူးပေါင်းပြီး ဘုံသဘောထားရပ်တည်ချက် တစ်ရပ်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပြီး အဲဒီရပ်တည်ချက်အတွက်လည်း ပိုမိုကျယ်ပြန့်တဲ့အဖွဲ့တွေ ပါဝင်လာရေး အရှိန့်မြှင့်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ပူးပေါင်းထုတ်ပြန်ခဲ့တဲ့ ဘုံသဘောထား ရပ်တည်ချက်ထဲမှာလည်း ဖက်ဒရယ်ယူနစ် အစိုးရတွေကို သက်ဆိုင်ရာ ပြည်နယ်အလိုက် လွပ်လပ်စွာ ဖွဲ့စည်းမယ်လို့ ဖော်ပြထားပါတယ်။