အစိုးရ၊ တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဧပြီလအတွင်း တွေ့ဆုံဖို့ရှိ
2019.03.30

အစိုးရနဲ့ တပ်မတော်က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တချို့အပြင် လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေနဲ့ပါ လာမယ့် ဧပြီလအတွင်းမှာ တွေ့ဆုံဖို့ရှိတယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောပါတယ်။
မနေ့က သမ္မတအိမ်တော်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး သတင်းမီဒီယာတွေကို ရှင်းလင်းပြောကြားရာမှာ ဦးဇော်ဌေးက အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။
NCA လက်မှတ်မထိုးရသေးတဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ ဧပြီ ၂ ရက်ကနေ ၉ ရက် အတွင်းမှာ တစ်ကြိမ်၊ သြင်္ကန်အပြီး တစ်ကြိမ် နှစ်ကြိမ်တွေ့ဖို့ရှိတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။
တဆက်တည်းမှာပဲ ဧပြီလအတွင်း KNU နဲ့လည်း တွေ့ဖို့ရှိသလို လက်ရှိမှာတော့ ရက်ညှိနှိုင်းနေပြီး တွေ့မယ့်ရက် အတိအကျကိုတော့ မသိရသေးဘူးလို့ သိရပါတယ်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့လည်း ဧပြီလအတွင်း NRPC၊ တပ်မတော်တို့နဲ့ပါ တရားဝင်ဆွေးနွေးပွဲတစ်ကြိမ် တွေ့ဆုံသွားဖို့ရှိပြီး အဲဒီလို တွေ့ဆုံပြီးနောက်မှာ NCA လက်မှတ်ရေးထိုးရေးကို ဦးတည်သွားမယ်လို့ KNPP နဲ့ အကြမ်းဖျင်း သဘောတူထားတာရှိတယ်လို့ ဦးဇော်ဌေး က ပြောပါတယ်။
ရှမ်းပြည်မြောက်ပိုင်းမှာ RCSS နဲ့ SSPP၊ တပ်မတော်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ ပြည်သူတွေ များပြားလာတာကြောင့် တိုက်ပွဲတွေမဖြစ်စေဖို့ RCSS၊ SSPP နဲ့ တပ်မတော်တို့ ဧပြီလအတွင်း သုံးပွင့်ဆိုင်ဆွေးနွေးဖို့ရှိပြီး တိုက်ပွဲတွေ နောက်ထပ်မဖြစ်စေဖို့နဲ့ တပ်နေရာချထားရေးတွေကို ဆွေးနွေးသွားဖို့ရှိတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။
ဒါ့အပြင် RCSS၊ SSPP နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC တို့လည်း သုံးပွင့်ဆိုင် ဆွေးနွေးဖို့ရှိပြီး ရက်ညှိနှိုင်းနေတယ်လို့ ပြောပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မသက်စုအောင် ပေးပို့လိုက်တာပါ။