အစိုးရသစ်အတွက် တရားသူကြီး ၆ဝ ဝန်းကျင် အစားထိုး ခန့်အပ်ဖို့ NLD ပြင်ဆင်
2015.12.24

အစိုးရသစ် စတင်ချိန်မှာ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးအဖွဲ့ဝင်တွေ၊ ပြည်ထောင်စုအဆင့် တရားသူကြီးတွေ အပါအဝင် တိုင်းနဲ့ပြည်နယ်အသီးသီးက တရားသူကြီးစုစုပေါင်း ၆ဝ လောက်ကို အစားထိုးခန့်အပ်နိုင်ဖို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြင်ဆင်ဆောင်ရွက်နေပြီလို့ သိရပါတယ်။
ဒါဟာ အစိုးရသစ်ပြင်ဆင်ဖွဲ့စည်းရေးမှာ ထည့်သွင်းဆောင်ရွက်ရမယ့်အချက်ဖြစ်တာကြောင့် ဥပဒေနဲ့အညီ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဦးဝင်းထိန်က ပြောပါတယ်။
"လွှတ်တော်သက်တမ်း သမ္မတသက်တမ်း အတူတူပဲလေ၊ သမ္မတ သက်တမ်းပြည်တာနဲ့ သူတို့သက်တမ်း ကပြည့်ပြီ၊ ထုံးစံအတိုင်း ဘယ်အစိုးရမဆို ပြန်အစားထိုးရမှာပဲ၊ နောင်အစိုးရအတွက် ပြင်ဆင်တာ အဲ့တာတွေ အကျုံးဝင်တာပေါ့၊ တရားရေးတို့၊ ရှေ့နေတို့၊ ဥပဒေတို့ ဘာတို့ဆိုလို့ရှိရင် ဥပဒေအဖွဲ့ကတင်မကဘူး သူ့နယ်ပယ်မှာ လူရိုသေရှင်ရိုသေဖြစ်တဲ့လူတွေလိုမှာပဲ ဒါတွေက ထွေထွေထူးထူး ပြောစရာမလိုဘူးလေ"
ဖွဲ့စည်းပုံအခြေခံဥပဒေခုံးရုံး အဖွဲ့ဝင်တွေ၊ ပြည်ထောင်စုအဆင့် တရားသူကြီးတွေနဲ့ တိုင်းနဲ့ပြည်နယ် တရားသူကြီးတွေကို နိုင်ငံတော်သမ္မတက တိုက်ရိုက်ခန့်အပ်ရတာဖြစ်ပါတယ်။
ခရိုင်နဲ့ မြို့နယ်တရားသူကြီးတွေကိုတော့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ခန့်အပ်တာဖြစ်ပြီး အစိုးရသစ် အပြောင်းအလဲမှာ ခရိုင်နဲ့မြို့နယ်အဆင့် တရားသူကြီးတွေက ဒီအတိုင်း ဆက်ရှိနေမှာဖြစ်ပြီး ပြောင်းလဲသွားဖို့ မရှိဘူးလို့သိရပါတယ်။
ပြည်ထောင်စုအဆင့် တိုင်းနဲ့ပြည်နယ်အဆင့် တရားသူကြီးတွေကို ပြောင်းလဲခန့်အပ်ရာမှာ ရှေ့နေနဲ့ တရားသူကြီးဟောင်းတွေထဲက အရည်အချင်း ပြည့်မှီသူတွေကို ဦးစာပေးအစားထိုး ခန့််အပ်သွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။