မြန်မာ ကွန်ရက်အဖွဲ့ ၁၁ ဖွဲ့က ဦးသိန်းစိန်အစိုးရကို ဝေဖန်ထောက်ပြ
2011.04.29

ဦးသိန်းစိန်အစိုးရအဖွဲ့မှာ ၃၅ နေရာရှိတဲ့အနက် စစ်ဖက်က ၂၆ နေရာယူထားပြီး ကျန်နေရာတွေကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက နေရာယူထားတာကို သုံးသပ် တင်ပြထားတဲ့အကြောင်း ကွန်ရက်တဖွဲ့ဖြစ်တဲ့ ရန်ကုန်တိုင်းအတွင်း ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ကျောင်းသားလူငယ်များ အင်အားစုက ကိုရန်နိုင်က ပြောပါတယ်။
“ဦးသိန်းစိန် သမတလုပ်တဲ့ ဒီ ၂၀၁၀ အလွန် အစိုးရဟာ ဒီ ၂၀၀၈ နာဂစ် ဖွဲ့စည်းပုံနဲ့ ဥပဒေရေး၊ တရားရေးတို့၊ အုပ်ချုပ်ရေးတို့ စတဲ့ ကဏ္ဍတွေမှာ စစ်အုပ်စု ထိပ်သီးခေါင်းဆောင်တွေကပဲ နေရာယူထားတာကို ကျွန်တော်တို့ သုံးသပ် တွေ့ရှိရတယ်။ အရပ်ဝတ် စစ်ဗိုလ်တွေ အနေနဲ့ရော နောက်တခါက စစ်ဖက်ကနေ စည်းရုံးထားတဲ့ ဒီ ကြံ့ဖွတ်ပါတီ ထိပ်သီးတွေကပဲ ဒီ အစိုးရအဖွဲ့မှာ အသီးသီး နေရာယူထားတာကို ကျွန်တော်တို့ သုံးသပ်တွေ့ရှိရတယ်။”
“နောက် တချက်က ဒီ ၂၀၁၀ ရွေးကောက်ပွဲကနေ ပေါ်ပေါက်လာတဲ့ ဒီကြံ့ဖွတ်စစ်အစိုးရဟာ စစ်အာဏာရှင်စနစ်ကို ကိုယ်စားပြုတဲ့ အစိုးရတရပ် အဖြစ်ကနေပြီးတော့ ဒီမိုကရေစီစနစ်ကို လမ်းကြောင်းက အမှန်တကယ် သွားမယ်ဆိုရင် တိုင်းပြည်အတွင်းမှာ ပထမဦးဆုံး အနေနဲ့ ကျွန်တော်တို့ အခု တောင်းဆိုထားတဲ့ အချက်တွေကို ပြုလုပ်ပေးဖို့ လိုအပ်တယ်ဆိုတာကို ထောက်ပြထားတယ်။”
ကြေငြာချက်မှာ နိုင်ငံရေး အကျဉ်းသားတွေအားလုံး ချွင်းချက်မရှိ လွှတ်ပေးဖို့၊ ပြည်တွင်းစစ် ရပ်စဲပြီး ပြည်တွင်း ငြိမ်းချမ်းရေး ချက်ချင်း ဆောင်ရွက်ဖို့၊ စစ်အစိုးရလက်ထက် တလျှောက်လုံးမှာ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး၊ လူမှုရေး၊ ယဉ်ကျေးမှု နယ်ပယ်တွေမှာ ဒီမိုကရေစီ အခွင့်အရေးတွေ တားဆီးပိတ်ပင်တဲ့ အမိန့်ကြေညာချက်တွေကို ဖျက်သိမ်းပေးဖို့၊ နိုင်ငံရေးပါတီတွေ ဖွဲ့စည်းခွင့် အပါအဝင် လူထုလူတန်းစား အလွှာ အသီးသီးရဲ့ အသင်းအပင်း ဖွဲ့စည်းခွင့်နဲ့ စည်းရုံး လှုပ်ရှားခွင့်တွေ ခွင့်ပြုဖို့နဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည် ပြင်ဆင်ရေးဆွဲရေးအတွက် သက်ဆိုင်တဲ့ အင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဆိုတာတွေကို တောင်းဆိုထားပါတယ်။
ဒီအချက်တွေ မဖြည့်ဆည်းဘူးဆိုရင် အစိုးရ နာမည်ကို ဘယ်လို တပ်တပ်၊ လွှတ်တော်ကို ဘယ်လို ပုံစံနဲ့ပဲ ကျင်းပကျင်းပ ဟန်ပြလုပ်ရပ်တွေပဲ ဖြစ်တာမို့ စစ်အာဏာရှင် စနစ်ကို ဆက်ကျင့်သုံးပြီး တိုင်းပြည်ကို လိမ်ညာနေတာပဲ ဖြစ်တယ်လို့ ထောက်ပြထားပါတယ်၊
ဒီ ကြေငြာချက်ကို မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုကြီး၊ ၈၈ မျိုးဆက် ကျောင်းသားများ။ ရက္ခအလင်းတန်း၊ ရွှေဝါရောင်တော်လှန်ရေး၊ ရန်ကုန်တိုင်းအတွင်း ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ကျောင်းသားလူငယ်များ အင်အားစု၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်၊ ၂၀၀၇ မျိုးဆက် ကျောင်းသားများ သမဂ္ဂ၊ ရခိုင်ကျောင်းသားများ သမဂ္ဂ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ၊ အခြေခံပညာ ကျောင်းသားများ သမဂ္ဂနဲ့ မြေလတ် ကျောင်းသားများ အဖွဲ့တို့က ပူးပေါင်း ထုတ်ပြန်လိုက်တာပါ။