သတင်းသမားများအရေး စာနယ်ဇင်းကောင်စီက သမ္မတကို တွေ့ခွင့်တောင်း
2014.07.13

သတင်းမီဒီယာသမားတွေကို ပြင်းထန်တဲ့ ဥပဒေတွေနဲ့ အပြစ်ပေးအရေးယူနေတာတွေနဲ့ ပတ်သက်ပြီး တင်ပြဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံခွင့်ရရေး အတွက် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) က တောင်းဆိုလိုက်ပါတယ်။
ဇူလိုင်လ ၁၂ ရက်နေ့က အစည်းအဝေးတစ်ရပ် ကျင်းပ ပြီး တောင်းဆိုခဲ့တာဖြစ်တယ်လို့ စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင် ဦးဇော်သက်ထွေးက ပြောပါတယ်။
"မီဒီယာသမားတွေကို ပြင်းထန်စွာချမှတ်ထားတဲ့ ဥပဒေကနေပြီးတော့မှ ပြန်လည်လျော့ပေါ့ပေးဖို့ အတွက် ကျနော်တို့ အရင်ဆုံး တောင်းဆိုသွားမယ်၊ နံပါတ် ၂ ကကျနော်တို့က ဒီဆက်လက်ပြီးတော့ တရားစွဲဆိုထားတဲ့ မီဒီယာသမားတွေရဲ့ အပါ်မှာ ဒီတရားစွဲဆိုမှှုတွေကို တက်နိုင်သမျှ ကျနော်တို့ ရုပ်သိမ်းအောင် ပေါ့လျော့အောင် ပြောရမယ်၊ နောက်တစ်ခုက မီဒီယာဆိုတာ စတုတ္ထမဏ္ဍိုင်အဖြစ် သမ္မတက တကယ်အသိအမှတ်ပြု လက်ခံတယ်ဆိုလို့ရှိရင် စတုတ္ထမဏ္ဍိုင်နဲ့ ကျန်တဲ့နယ်ပယ်အသီးသီးက လူတွေကြား နားလည်မှှု တည်ဆောက်ရေးနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ မြန်မာနိုင်ငံ ဒီမိုကရေစီ တိုးတက်ဖြစ်ထွန်းဖို့ပေါ်မှာ မီဒီယာအခရာကျကြောင်း သမ္မတကို ကျနော်တို့အနေနဲ့ အတိုဆုံးနဲ့ အရှင်း လင်းဆုံး နားလည်သဘောပေါက်ဖို့အတွက် ကျနော်တို့ အချက်အလက်တွေကို တင်ပြသွားမှာဖြစ်ပါတယ်"
သတင်းမီဒီယာသမားတွေအပေါ် ပြီးခဲ့တဲ့နှစ်က စတင်အရေးယူလာခဲ့တာတွေဟာ သတင်းလွတ်လပ် ခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖေါ်ရေးသားခွင့်တွေကို ထိပါးနေတာဖြစ်တယ်လို့လည်း ဦးဇော်သက်ထွေး က ပြောပါတယ်။
ဒီလို အရေးယူတာတွေဟာ မြန်မာနိုင်ငံမှာ သမ္မတဦးသိန်းစိန်အစိုးရ ဆောင်ရွက်နေတဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်း စဉ်တွေကို ထိခိုက်နိုင်တယ်ဆိုတဲ့ ဝေဖန်မူတွေလည်း ထွက်ပေါ်နေပါတယ်။
အလားတူ သတင်းထောက်တွေကို ပြင်းထန်တဲ့ ဥပဒေတွေနဲ့ ဖမ်းဆီးအရေးယူနေတာနဲ့ ပတ်သက်ပြီး အပြည်ပြည် ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ( AI ) လို လူ့အခွင့်အရေးအဖွဲ့တွေအပြင် အပြည်ပြည် ဆိုင်ရာ သတင်းမီဒီယာ အဖွဲ့အစည်းတွေကလည်း မြန်မာနိုင်ငံက လွတ်လပ်စွာ ထုတ်ဖေါ်ရေးသားခွင့် အခြေအနေဟာ အမှောင်ထု လွှမ်းနေ ပြီလို့ ပြောဆိုကြပါတယ်။
လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီယာယီ အဖွဲ့ဝင် ဦးဇော်သက်ထွေး ကို ဒေါ်ခင်ခင်အိက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။