နယ်သာလန် နိုင်ငံခြားရေး ဝန်ကြီး မြန်မာပြည် ကူညီရေး ကတိပေးပြောကြား


2016.10.12
netherland-foreign-minister-620.jpg ရန်ကုန်လေဆိပ်ကို အောက်တိုဘာလ ၁၁ ရက်နေ့က ရောက်ရှိလာတဲ့ နယ်သာလန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Bert Koenders နဲ့အဖွဲ့ ကို တွေ့ရစဉ်
Photo: MOI

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ နယ်သာလန်နိုင်ငံခြားရေးဝန်ကြီး Bert Koenders ဘာ့တ် ခိုအင်းဒါးစ် ဟာ မနေ့က ရခိုင်ပြည်နယ် စစ်တွေမြို့ကို သွားရောက်ပြီး ဝန်ကြီးချုပ် ဦးညီပု ဦးဆောင်တဲ့ ပြည်နယ်အစိုးရအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံ ခဲ့ပါတယ်။ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုရဲ့ပြောဆိုချက်အရ အဲဒီ တွေ့ဆုံပွဲမှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်တွေက နယ်သာလန်နိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် အကူအညီတွေပေးဖို့ တောင်းဆိုပြောကြားခဲ့ပြီး နယ်သာလန် နိုင်ငံခြားရေးဝန်ကြီးကလည်း ရခိုင်ပြည်နယ်မှာ အလုပ်အကိုင်တွေ ရရှိရေးအတွက်  ပူးပေါင်းဆောင် ရွက်မှာဖြစ်သလို နည်းပညာအထောက်အကူတွေလည်း ပံ့ပိုးကူညီမယ်လို့ ကတိပေး ပြောကြားခဲ့ကြောင်း သိရှိရ ပါတယ်။  

နယ်သာလန် အစိုးရရဲ့ ထုတ်ပြန်ချက်မှာတော့ နိုင်ငံခြားရေးဝန်ကြီးဟာ ပြည်နယ်အစိုးရအဖွဲ့နဲ့ တွေ့ဆုံ အပြီးမှာ နိုင်ငံရေးပါတီနဲ့ လူမှုအဖွဲ့အစည်းတွေကိုလည်း တွေ့ဆုံပြီး ရခိုင်ပြည်နယ်က လူမျိုးစုအသိုင်း အဝန်းမှာ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို အလေးပေးဆွေးနွေးမယ်လို့ ဖေါ်ပြထားပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ခိုအန်းဒါးစ် ဟာ မြန်မာပြည်ဒီမိုကရေစီ ပြောင်းလဲမှုတွေကို အထောက်အပံ့ပေးဖို့ လာရောက်တာဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ မနက်တွေ့ဆုံ မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်တို့ကိုလည်း သီးခြားတွေ့ဆုံပါလိမ့်မယ်။

အဲဒီတွေ့ဆုံပွဲတွေမှာ မြန်မာအစိုးရသစ် ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေး အခြေအနေတွေနဲ့ နှစ်ပြည်ထောင်အကြား ကုန်သွယ်မှုမြှင့်တင်ရေးကိစ္စတွေကိုလည်း  ဆွေးနွေးမယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုင်ငံခြားရေးဝန်ကြီး ခိုအန်းဒါးစ်ဟာ ဒီ ခရီးစဉ်အတွင်း ရန်ကုန်မြို့မှာ နယ်သာလန် သံရုံးသစ်ကို ဖွင့်လှစ်ပေးမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။